၂၅. ၂. ၂၀၂၃
Written By Thandar
လူမှုပတ်ဝန်းကျင်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြစ်တင်ဝေဖန်မှု (Body Shaming)တွေကို ရပ်တန့်စေဖို့ ရည်ရွယ်တဲ့ Program တစ်ခုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ Mister International Myanmar အလှမောင် စံသာက ပြောပါတယ်။
“ဝေဖန်တာက ဝေဖန်လို့ရပေမယ့် ကောင်းသော ဝေဖန်မှုနဲ့ပဲ ဝေဖန်စေချင်တယ်။ ဝေဖန်မှုတွေမှာ နှစ်ဦး နှစ်ဖက်မှန်ရဲ့လားဆိုတာ သေချာသုံးသပ်ပြီးမှ ဝေဖန်စေချင်တယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်လုံးကပဲ လူတစ်ယောက်ကို အောက်ဆုံး ရောက်စေနိုင်သလို အမြင့်ဆုံး ထိလည်း ရောက်စေနိုင်တယ်။ အကြောင်းအရာ တစ်ခုကို Positive ဆန်ပြီး တွေးစေချင်တယ်။ လူတိုင်းက တော်တော်များများက မှန်ရဲ့လား။ ဒါက တကယ်ဟုတ်ရဲ့လား။ မတွေးတောဘဲ မကောင်းတဲ့ Comment တစ်ခု တွေ့လိုက်တာနဲ့ နောက်ဆက်တွဲ အကုန် အဲ့လိုမကောင်းတဲ့ အမြင်တွေနဲ့ပဲ ပြောဆိုကြတယ်။ ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒီလို လူမှုပတ်ဝန်းကျင်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြစ်တင်ဝေဖန်မှု (Body Shaming)တွေကို ရပ်တန့်စေဖို့ ရည်ရွယ်တဲ့ Program တစ်ခုလုပ်ဖို့ ဆောင်ရွက်နေတယ်”လို့ အလှမောင် စံသာကပြောပါတယ်။
စံသာကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ရက်ကနေ ၃၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ အလှမောင်ပြိုင်ပွဲ( Mister International) မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Mister စံသာက ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဝေဖန်မှုတွေကို ခံခဲ့ရတာကြောင့် လူမှုပတ်ဝန်းကျင်က ဝေဖန်မှုတွေကို မီးမောင်းထိုးပြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရိုဂရမ်တစ်ခုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ မကြာမီကာလအတွင်းမှာလည်း Program အကြောင်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ချပြသွားမယ်လို့ ဆိုပါတယ်။
“ကျွန်တော်ဆို ပြိုင်ပွဲပြီးကတည်းက လူတွေနဲ့လည်း လုံးဝ မတွေ့ချင်တော့သလို မီဒီယာနဲ့ တွေ့ဖို့လည်း အရမ်းကြောက်သွားတယ်။ ငါ့ကို ဘာများပြောကြမလဲဆိုတဲ့ စိတ်၊ အဲဒီအတွေးတွေနဲ့ပဲ တစ်လနီးပါးလောက် ဘယ်သူနဲ့မှ စကားမပြောဖြစ်ဘူး။ အစားအသောက်တွေပါ မမှန်တော့တဲ့အထိပဲ။ မိဘတွေနဲ့တောင် စကားမပြောဖြစ်တော့ဘူး။ ငါ့ကို ပြောဆိုနေကြတာတွေများ သူတို့တွေ သိသွားကြမလားဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်ခဲ့ရတာတွေ ရှိတယ်။ ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အရပ်အမောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာဆိုရင် Gay ၊ ဂွတို၊ ဂျပုဆိုပြီး ပြောကြသလို အရပ်အမောင်းပိုင်းနဲ့ ပတ်သက်ပြီးလည်း အများကြီး ပြောဆိုကြတယ်။ စိတ်ထိခိုက်ရတာက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို ထိခိုက်ပြောဆိုခံရတာတွေပါ။ နည်းမျိုးစုံ ပုံစံမျိုးစုံ ဆဲကြတယ်။ ကျွန်တော်က ရခိုင်တိုင်းရင်းသားဖြစ်တဲ့အတွက် National Costume ချပြတဲ့အခါမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ မင်္ဂလာရှိတဲ့ အခမ်းအနားတွေမှာ သုံးတဲ့ ခရုသင်းနဲ့ပတ်သက်ပြီး အများကြီး ဝေဖန်ပြောဆိုတာတွေလည်းရှိတယ်။ ဒါ့အတွက် အများကြီး စိတ်မကောင်းဖြစ်မိတယ်”လို့ သူကဆက်ပြောပါတယ်။
သူကိုယ်တိုင်လည်း ပြိုင်ပွဲကာလအတွင်း ဝေဖန်မှုတွေကိုတော်တော် ဆိုးဆိုးရွားရွားခံစားခဲ့ရတယ်လို့ သိရပါတယ်။ Mister International 2022 ပြိုင်ပွဲကာလပြီးတဲ့အချိန်မှာ စိတ်ဓာတ်အရမ်းကို ကျတဲ့အထိ ဖြစ်ခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ စကားမပြောဖြစ်တော့ဘဲ တစ်ယောက်တည်း ကြောက်စိတ်တွေနဲ့သာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ အလှမောင် စံသာက ၂၀၁၉ ခုနှစ်က Mister Grand Myanmar 2019 ဖြစ်ပြီး လက်ရှိ Akyab Star ဆိုတဲ့ အနုပညာသင်တန်းကို ဦးစီး တည်ထောင်ဖွင့်လှစ်ထားသလို Mrs. Ethnic Tourism ပြိုင်ပွဲကိုလည်း ဦးစီးကျင်းပလျက်ရှိပါတယ်။