October 23, 2024

ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ခရိုင်၌ ဖမ်းဆီးခံရသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၁ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်နံနက်က တွေ့ရစဉ်

MT News

Translated by Htwe Ko Tun

မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ခွာလာကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၁ ဦးကို ကုန်တင်ထရပ်ကားတစ်စီးနှင့် လိုက်ပါလာကြစဉ် ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

ကားပေါ်တွင်ပါသည့် ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟုဆိုသည်။ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒေသခံအရာရှိများစုပေါင်းအဖွဲ့က Thung Tam Sao ခရိုင်ခွဲအတွင်း အထူးရဲစစ်ဆင်ရေးအဖွဲ့၏ စခန်းတစ်ခုအနီး လယ်ကွင်းလွတ်တစ်ခုတွင်ရပ်ထားသည့် ဆယ်ဘီးကုန်တင်ကားကို နံနက် ၂ နာရီခန့်က သွားရောက်စစ်ဆေးခဲ့ကြခြင်းဟုသိရသည်။

ထရပ်ကားပေါ်တွင် တာပေါ်လင်အစအောက်၌ ပုန်းအောင်းလိုက်ပါလာသော အမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၉ ဦးကို တွေ့ရှိခဲ့ကြပြီး အားလုံးမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စုပေါင်းအဖွဲ့၏ခေါင်းဆောင် ရဲမှူးကြီး ချိုင်ရတ်က ပြောခဲ့သည်။

ထရပ်ကား၏ နောက်ဘက်ကားကြမ်းခင်းကို ရွှေ့ပြောင်းလုပ်သားများ အညစ်အကြေးစွန့်ရန်နှင့် ခရီးရှည်တစ်လျှောက် တုန်ခါမှုလျော့နည်းစေရန် သဲများဖြင့် အပြည့်ခင်းထားကြောင်းတွေ့ရသည်။ ကား၏ ယာဉ်မောင်းနှင့်နောက်လိုက်ဖြစ်သူတို့ကိုလည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ထိုရွှေ့ပြောင်းလုပ်သားများကို ပရာချွတ် ခီရိခန်ပြည်နယ်မှ ဟတ်ရိုင်ခရိုင်သို့ ၎င်းတို့က သယ်ဆောင်လာကြကာ ဟတ်ရိုင်ခရိုင်မှ မလေးရှားသို့တစ်စုံတစ်ဦးက ဆက်လက်သယ်ဆောင်သွားမည်ဟု ပြောခဲ့ကြသည်။

အာဏာပိုင်များက အဆိုပါလူကုန်ကူးမှု၏ အခြားကွင်းဆက်များဖမ်းမိနိုင်ရန် စုံစမ်းလျက်ရှိကြောင်းသိရသည်။

Ref—Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *