October 23, 2024

ဓာတ်ပုံ- ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

MT News

Written by Nyein Kyaw

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ယမန်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ကျင်းပခဲ့ပြီး လာမည့်တပေါင်းလပြည့်နေ့ (မတ်လ ၅ရက်)အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည့်အတွက် ရဟန်းရှင်လူပြည်သူပေါင်း ကုသိုလ်ပြုပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သံဃာအပါး ၁၂၀ တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး မတ်လ ၄ ရက် (အဖိတ်နေ့) ညနေ ၄ နာရီအချိန်တွင် ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ပါဝင်ကုသိုလ်ပြုနိုင်ရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ဖိတ်ကြားထားသည်။

ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ကျင်းပခဲ့ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ထို့နောက်တွင် ပွင့်တော်မူခဲ့သည့် နှစ်ကျိပ်ရှစ်ဆူ‌သော ဗုဒ္ဓရုပ်ပွားတော်များကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *