၂၄. ၂. ၂၀၂၃
Written by Pan Ei
ကမ္ဘာကျော် အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ ဆယ်လီနာ ဂိုးမက်ဇ်ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါပေါင်း ၃၈၁ သန်းရှိလာခဲ့ပြီး အရင်က အများဆုံးဖြစ်တဲ့ မော်ဒယ် ကိုင်လီ ဂျန်နာ ဟာ ဖော်လိုဝါပေါင်း သန်း ၃၈၀ နဲ့ ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဆယ်လီနာ ဂိုးမက်ဇ်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာတွေကနေ ခေတ္တအနားယူခဲ့ရာမှာ ကိုင်လီ ဂျန်နာမှ အင်စတာဂရမ်မှာ ဖော်လိုဝါအများဆုံးရှိတဲ့ အမျိုးသမီးဆိုတဲ့နေရာကို ဆယ်လီနာ ဂိုးမက်ဇ်ကို ကျော်တက်ကာ ရရှိခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ ဆယ်လီနာ ဂိုးမက်ဇ်ဟာ အရင်နေရာကို ပြန်လည်ရရှိပြီး မကြာမီမှာပဲ ဆိုရှယ်မီဒီယာတွေကနေ အနားယူတော့မယ့် အကြောင်းကို “ကျွန်မ ဆိုရှယ်မီဒီယာတွေကနေ ခေတ္တ အနားယူပါဦးမယ်။ ဒါက ရူးကြောင်ကြောင်တော့ နိုင်ပေမယ့် ကျွန်မအသက်က ၃၀ ရှိပြီဆိုတော့ ဒါတွေကိုသုံးဖို့ ကျွန်မ အသက်ကြီးလွန်းနေပြီ။ အရာအားလုံးကနေ အနားယူရတော့မယ်။” လို့ တစ်တော့ကနေ တစ်ဆင့်ကြေညာခဲ့ပါတယ်။
ဆယ်လီနာ ဂိုးမက်ဇ်ရဲ့ ဆိုရှယ်မီဒီယာတွေကနေ ဒုတိယအကြိမ်အနားယူတော့မယ်ဆိုတဲ့ သတင်းဟာ ကိုင်လီ ဂျန်နာက ဆယ်လီနာ ဂိုးမက်ဇ်ကို ရန်စမှုတွေရှိခဲ့တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ဆယ်လီနာ ဂိုးမက်ဇ် ဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ အများဆုံး အမျိုးသမီးဖြစ်လာပေမယ့် ဘောလုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက ဖော်လိုဝါ ၅၅၁ သန်းနဲ့ ဖော်လိုဝါ အများဆုံးပုဂ္ဂိုလ်ဖြစ်ကာ နောက်ထပ် ဘောလုံး စူပါစတား လီယွန်နယ်မက်ဆီ ကတော့ ၄၃၂ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
Ref; Yahoo