October 23, 2024

၂၄. ၂. ၂၀၂၃

Written by Naing Thuta

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ခုနှစ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးသည် ကျူရှင်သွားရာမှ အိမ်သိုပြန်မရောက်ဘဲ လမ်းတွင်ပျောက်ဆုံးသွားကြောင်း ကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်းနှင့် ၆၇ လမ်းဒေါင့်တွင် နေထိုင်သော အသက် ခုနှစ်နှစ်အရွယ် ယောင်္ကျားလေးငယ်တစ်ဦးသည် ဖေဖော်ဝါရီလ ၂၂ ရက်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်းနှင့် ၁၁၃ လမ်းကြား၊ ၆၆ လမ်းပေါ်ရှိ ကျူရှင်တစ်ခု၌ သွားတက်ရာမှပြန်ဆင်းလာချိန်တွင် ကျူရှင်ဆရာမအား သူငယ်ချင်းဖြစ်သူနှင့်အတူနေအိမ်ကို အတူတူပြန်မည်ဟုပြောဆိုကာ ပြန်လာရာတွင် ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြား၊ ၆၅ လမ်းပေါ်ရှိ ၎င်း၏သူငယ်ချင်းနေအိမ်အထိ သူငယ်ချင်းဖြစ်သူနှင့် လိုက်ပါလာခဲ့သော်လည်း ၎င်း၏နေအိမ်ကို လမ်းသိသည်ဟုဆိုကာ ဆက်လက်ထွက်ခွာသွားရာတွင် အိမ်သို့ပြန်လည်မရောက်ရှိခဲ့ဘဲ ကလေးငယ်မှာ ပြန်လာရာလမ်းတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပျောက်ဆုံးနေသည့် အသက် ခုနှစ်နှစ်အရွယ်ရှိသော ကလေးငယ်၏အမည်မှာ မောင်ကောင်းမြတ်သူဖြစ်ပြီး ၎င်းကလေးငယ်သည် အက်စ်မာရောဂါ ရှိနေကာ ဆေးသောက်နေရသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ ကလေးအား မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက Viber 09770087407 နှင့် ဖုန်း 09941756544 တို့ထံ၂၄ နာရီအတွင်း အချိန်မရွေး ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် ကလေးငယ်တွေ့ရှိသူအား ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဟု မိသားစုဝင်များမှ MT News သတင်းဌာနသို့ ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ကျောင်းသားမိဘတစ်ဦးမှလည်း MT News သတင်းဌာနသို့ ” အခုဆိုရင် မကြာခဏဆိုသလို မန္တလေးမှာ ကလေးတွေပျောက်နေတယ်လို့ လူမှုကွန်ယက်ပေါ်မှာ တွေ့နေ၊ ကြားနေရတယ်။ တချို့ကလေးတွေက ပြန်တွေ့ကြသလို တချို့ကလေးတွေဆို အခုထိမတွေ့ကြတာလည်း ကြားသိနေရတယ်။ မိဘတွေအနေနဲ့ ခုချိန်ခါမှာ အတတ်နိုင်ဆုံး ကိုယ့်သားသမီးတွေကို အနီးကပ်ထားပြီးနေတာ အကောင်းဆုံးပဲ။ တချို့မိဘတွေကလည်း စားဝတ်နေရေးမပြေလည်ကြတော့ သားသမီးတွေကို ပထမနေရာမှ ာမထားနိုင်တော့လည်း ဒီလိုအဖြစ်တွေ ကြုံတွေ့နေရမှာပါပဲ။ အတတ်နိုင်ဆုံးကတော့ မိဘနဲ့ဆရာတွေက အတိုင်အဖေါက်ညီညီ မိဘလာမှ ကလေးတွေကိုပြန်ခိုင်းတာ အကောင်းဆုံးပဲ။ အခုပျောက်နေတဲ့ကလေးငယ်ကိုလည်း အသက်အန္တရာယ်ကင်းစွာ သားသမီးချင်းကိုယ်ချင်းစာစွာ အမြန်ပြန်တွေ့ပါစေလို့ ဆုတောင်းနေပါတယ်” ဟု ပြောကြားထားသည်။

ပျောက်ဆုံးသွားသောကလေးငယ်၏ မိဘများသည်လည်း သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်အကြောင်းကြားထားပြီးဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များမှလည်း ပူးပေါင်းရှာဖွေစုံစမ်းမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *