October 23, 2024

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်အတွင်းရှိ မတ်ပဲသိမ်းနေသည့် လုပ်ငန်းခွင်ကို တွေ့ရစဥ်

၂၄. ၂. ၂၀၂၃
Written by Ye Kyaw

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရရှိထားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ သုံးမျိုးကို ပြည်ပသို့ အဓိကတင်ပို့လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ အီးယူနိုင်ငံများနှင့် အာဆီယံဒေသတွင်း နိုင်ငံအချို့သို့ တင်ပို့နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၀ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄၈၈ သန်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁၄၉ ဘီလျံရရှိခဲ့ပြီး ယင်းအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တင်ပို့မှုမှ ‌ဒေါ်လာသန်း ၈၇၀ ကျော်ရရှိ၍ စုစုပေါင်းပမာဏ၏ ၇၅ ရာခိုင်နှုန်းကျော်အထိရှိသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်မူ ပဲမျိုးစုံတန်ချိန် နှစ်သန်းကျော်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံခွဲကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ပဲမျိုးစုံစိုက်ဧက၏ ရာခိုင်နှုန်း ၇၀ ကျော်မှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့ဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲအမျိုးအစားများကိုလည်း စိုက်ပျိုးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *