၂၄. ၂. ၂၀၂၃
Written By Thandar
နည်းပညာ တိုးတက်လာမှုနဲ့အတူ ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲတွေ တရားမဝင် ခိုးယူဖြန့်ချိမှုတွေကြောင့် စက္ကန့်နဲ့အမျှ နစ်နာမှုတွေ ဖြစ်ပေါ်လာခြင်းကို ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဆိုပါတယ်။
အနုပညာဖန်တီးမှုတွေကို တရားမဝင်ခိုးယူဖြန့်ချိခြင်းနဲ့ပတ်သက်ပြီး ကာကွယ်တားဆီးရေးအဖွဲ့လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး အဖွဲ့ဝင်အချို့က ဗီဒီယိုကွန်ဖရင့်နဲ့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဒစ်ဂျစ်တယ် နည်းပညာတွေ တိုးတက်လာမှုနဲ့အတူ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲစတဲ့ အနုပညာဖန်တီးမှုတွေကို Online Platform တွေကတစ်ဆင့် ပြသဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ထုတ်လွှင့်ပြသရာမှာလည်း တရားဝင် ထုတ်လွှင့်ပြသခြင်းတွေရှိတဲ့ မူလလက်ရာတွေကို ခိုးယူပြီး ခိုးယူသူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းပေါ်မှာ တရားမဝင်ပြသနေသလို လောင်းကစားအခြေပြု Platform တွေ တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးကဏ္ဍတွေ ထူထောင်ခြင်းနဲ့ ဥပဒေမဲ့ဆောင်ရွက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
နည်းပညာ တိုးတက်လာမှုနဲ့အတူ ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲတွေ တရားမဝင် ခိုးယူဖြန့်ချိမှုတွေကြောင့် စက္ကန့်နဲ့အမျှ နစ်နာမှုတွေ ဖြစ်ပေါ်လာခြင်းကို ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးလုပ်ဆောင်သွားရန်လည်း လို အပ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသခြင်းနဲ့ ရောင်းချခြင်းများ လုပ်ဆောင်လျက်ရှိသည့် Channel တွေ၊ Website တွေ နဲ့ Facebook Page တွေကို အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ပါက နောင်တစ်ချိန်တွင် အဆိုးရွားသည့် မူပိုင်ခွင့်ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တဲ့အပြင် အခြားမသမာသူတွေက စီးပွားရေးအရ တရားမဝင် လုပ်ကိုင်လာနိုင်ပါကြောင်း ဒုတိယဝန်ကြီးကပြောဆိုခဲ့ပါတယ်။
အဖွဲ့အနေနဲ့ အွန်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေ တရားမဝင်ခိုးယူဖြန့်ချိမှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့ ထည့်သွင်းပြောဆိုသွားကြောင်း သိရပါတယ်။
အနုပညာဖန်တီးမှုတွေကို Online Platform များမှ တစ်ဆင့် ရုပ်ရှင်ဇာတ်ကားများ တရားမဝင်ခိုးယူ ဖြန့်ချိမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။