၂၄. ၂. ၂၀၂၃
Written by Naing Thuta
ဝိုင်းမော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးနှစ်အရွယ်သာရှိသေးသော မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ခဲ့ကာ ထွက်ပြေးနေသော မုဒိမ်းသမားအား ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ ရက် က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအရှေ့ဘက်၌ရှိသော အုတ်ဖိုအနီးတွင် အုတ်လုပ်သားဖြစ်သည့် မဲလုံး(ခ) ပေါက်ခေါ(ခ) စိုးလင်းဆိုသူသည် ကျေးရွာနေအသက် လေးနှစ်အရွယ်သာရှိသေးသော မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ဖြတ်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်က ပြန်လည်ဖမ်းဆီးရမိခဲ့၍ ဝိုင်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် မုဒိမ်းသမား မဲလုံး(ခ)ပေါက်ခေါ(ခ)စိုးလင်း ကို ဝိုင်းမော်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၁၉/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ /၃၀၂ နှင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်သတင်းများအရ သိရသည်။