၂၄. ၂. ၂၀၂၃
Written By Thandar
အသက် ၈၂ နှစ်ရှိ ရုပ်ရှင်သက်ကြီးကန်တော့ခံ ဝါရင့်အနုပညာရှင်ကြီး ရှုမဝမောင်ယဉ်ထွေးကတော့ ဖေဖော်ဝါရီ ၂၃ရက် နံနက် ၁၁ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News Entertainment ကို ပြောပါတယ်။
“သက်ကြီးရောဂါနဲ့ သူ့ရဲ့သားနေအိမ်မှာ ဆုံးတာပါ။ ရှုမဝက ထွက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးကို ရိုက်ခဲ့တာပါ။မင်းသမီး စန်းစန်းအေးနဲ့တွဲပြီး မောင်ရင်ထွေး၊ စန်းစန်းအေးဆိုပြီး တော်တော်များများ ဇာတ်ကားတွေ ရိုက်ခဲ့ကြတာပါပဲ။ ရှုမဝ ကထွက်ပြီး ရှုမဝက တင်တဲ့ မင်းသား မင်းသမီးတွေလည်း ဖြစ်ပါတယ်။ ဦးကြူတို့လည်း စိတ်မကောင်းဘူးပေါ့။ ရှေ့မှာလည်း သီဟတင်စိုးကဖြစ်ပြီးတယ်လေ။ သီဟတင်စိုးကတော့ ပိုငယ်သေးတာပေါ့။ မောင်ယဉ်ထွေးကတော့ အသက် ၈၀ ကျော်နေပြီလေ။ အနုပညာလောကအတွက် တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးတာကတော့ မကောင်းဘူးပေါ့။ ဒီလူကြီးတွေကလည်း သက်ကြီးပူဇော်ပွဲတွေလည်း အမြဲလာတယ်လေ။ စိတ်မကောင်းပါဘူး”လို့ ဦးအေးကြူလေးကပြောပါတယ်။
ဈာပန အခမ်းအနားကိုတော့ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်ကနေ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီမှာ ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။
မောင်ယဉ်ထွေးရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးကတော့ ရင်ဝယ်တသိမ့်သိမ့် ဖြစ်ပြီး ချစ်တဲ့သူရဲ့ ရင်ခွင်၊ လေချိုတသွေးသွေး၊ လုလင်ငယ်သွေး၊ ရွှေဝတ်မှုန်၊ မေတ္တာစာတပုဒ်၊ ချွေးကလေးစိုစို စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပါတယ်။