၂၄. ၂. ၂၀၂၃
Written by Min Mahar
ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦးဖြစ်သည့် မီတာခကောက်ခံရေးတာဝန်ခံ အမျိုးသားအားနေအိမ်ဝိုင်းအတွင်း ဆီကြိတ်နေစဉ် PDF နှစ်ဦးမှသေနတ်ဖြင့် ပစ်သတ်သွားမှု ညောင်ဦးမြို့နယ်တွင် ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်ညနေကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က အသက် ၅၃ နှစ်အရွယ်ခန့်ရှိသော ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦးဖြစ်သည့် မီတာခကောက်ခံရေးတာဝန်ခံ အမျိုးသားအားနေအိမ်ဝိုင်းအတွင်း ဆီကြိတ်နေစဉ် PDF နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ခုနှစ်ချက်ပစ်သတ်သွားကြောင်း သိရသည်။
“သူ့အိမ်မှာဆီကြိတ်နေတဲ့အချိန် လူငယ် နှစ်ယောက်က ရောက်လာပြီး ခင်ဗျားလားကွ စစ်တပ်ကို ဝင်ငွေရှာပေးနေတဲ့ကောင်ဆိုတာ ပါးစပ်ကပြောလည်းပြော သေနတ်နဲ့လည်း တစ်ရစပ်ပစ်သွားတော့တာပဲ။ ကြောက်စရာကြီး လူတစ်ယောက်ကို တိရစ္ဆာန်လေးအသက်လောက်တောင်တန်ဖိုးမရှိသလို သတ်သွားကြတာ။ တိုင်းပြည်ကြီးလည်း အမြန်အေးချမ်းစေချင်ပါပြီ။ နေ့စဉ်နဲ့အမျှ ကြီးလန့်စာစားနေရတဲ့ဘဝကနေ လွတ်မြောက်စေချင်ပြီ” ဟု တစ်ရွာတည်းနေသူတစ်ဦးက MT News သို့ ပြောဆိုခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးခေါင်းအောက်ဂျိုစောင်းအတွင်းဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ယာဘက်ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နှာခေါင်းကို ဖောက်ဝင်သွားသည့် ဒဏ်ရာတစ်ချက်၊ ဆီးခုံဘေးကို ဖောက်ဝင်သောဒဏ်ရာတစ်ချက်၊ ယာဘက်ပုခုံးကိုပါ ဖောက်ဝင်သွားသည့်ဒဏ်ရာ တစ်ချက်နှင့် ဝဲဘက်နားတွင်းသို့ ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အခင်းဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ ရွာအနီးဝန်းကျင်အတွင်းသို့လည်း လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။