MT News
Written by Nyein Kyaw
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ရက်ချိန်းယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ကျပ် ၃၅,၀၀၀ ကို အွန်လိုင်းငွေပေးချေမှုဖြင့် တစ်ပါတည်းပေးချေရမည်ဖြစ်ပြီး ယခင်ရယူထားသော ရက်ချိန်းများကို ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ www.passport.gov.mm ဝက်ဆိုဒ်သို့ ဝင်ရောက်လျှောက်ရမည်ဖြစ်သည်။
ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ၃၅,၀၀၀ ကျပ်ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်ပါတည်း ပြုလုပ်ရမည်ဖြစ်သည်။ ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကို ပယ်ဖျက်လိုက်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ငွေပေးသွင်းမှုစနစ်အနေဖြင့် ယခုအချိန်တွင် KBZ Pay နှင့် MPU ဘဏ်ကတ်များဖြင့်သာ ပေးသွင်းရန် စီစဥ်ထားသော်လည်း မကြာမီအချိန်အတွင်းမှာ အခြားပေး Payment စနစ်များဖြင့် ပေးသွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Online Booking စနစ်တွင် ငွေပေးသွင်းပြီးပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မည်သည့်ငွေကြေးမှ ပေးဆောင်ရန်မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနမှ ငွေကြေးတောင်းခံလာပါက ရုံးတွင်ဖော်ပြထားသည့် တိုင်ကြားရန်ဖုန်းနံပါတ်များဖြင့် တိုင်ကြားနိုင်မည်ဖြစ်ပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။
Online Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး (ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ပြီး မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဥ်ထားရှိကာ ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန် သတိပေးထားသည်။