MT News
Written by Ye Kyaw
ယနေ့မှစတင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ရက်ချိန်းရယူခြင်းကို အွန်လိုင်းငွေပေးချေစနစ်ဖြင့် တစ်ပါတည်းဆောင်ရွက်ရန် ယမန်နေ့တွင် ကြေညာအပြီး KBZPay ငွေလွှဲလုပ်ငန်းစဉ်များ ယာယီပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဒီညနေ ငွေလွှဲတစ်သိန်းရဖို့ရှိတာ မဝင်သေးလို့ စိတ်ပူသွားတာပဲ။ အဲ့ဒါကြောင့် လွှဲမယ့်သူဆီ ဖုန်းဆက် မေးတော့ သူက ကျွန်မဖုန်းကို ကျွန်မနာမည်နဲ့ သေချာစစ်ပြီး လေးနာရီခွဲလောက်က ငွေလွှဲလိုက်ပြီပြောတယ်၊ ကျွန်မဆီကျတော့ မဝင်သေးဘူး။ အခု Kpay ကထုတ်ပြန်ထားတာ တွေ့မှပဲ တော်ပါသေးရဲ့ပေါ့” ဟု ယမန်နေ့ညနေပိုင်းတွင် KBZPay ဖြင့် ငွေလွှဲရာတွင် အခက်ကြုံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
KBZPay ဝန်ဆောင်မှုလုပ်ငန်းက ယခုအချိန်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ၎င်း၏ ဝန်ဆောင်မှုများအား အသုံးပြုရာတွင် အခက်အခဲရှိနိုင်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် အသိပေးကြေညာထားသည်။
လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ပြီး ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ပါက အကြောင်းကြားပေးသွားမည်ဟု ဖော်ပြထားခဲ့သည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ရက်ချိန်းယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ကျပ် ၃၅,၀၀၀ ကို အွန်လိုင်းငွေပေးချေမှုဖြင့် တစ်ပါတည်းပေးချေရမည်ဖြစ်ပြီး ယခင်ရယူထားသော ရက်ချိန်းများကို ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာထားသည်။
ငွေပေးသွင်းမှုစနစ်အနေဖြင့် ယခုအချိန်တွင် KBZ Pay နှင့် MPU ဘဏ်ကတ်များဖြင့်သာ ပေးသွင်းရန် စီစဥ်ထားသော်လည်း မကြာမီအချိန်အတွင်းမှာ အခြားပေး Payment စနစ်များဖြင့် ပေးသွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။