MT News
Written by Naing Thuta
မော်လမြိုင်မြို့နယ်တွင် ရဲအရာရှိအယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းနေသည့် အမျိုးသားတစ်ဦး အားဖမ်းဆီးမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်တွင် မော်လမြိုင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့နယ်များ၌ ဒေသဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များ၏ အမည်များကိုအလွဲသုံးစားပြုလုပ်ကာ ရဲအရာရှိအယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းနေသူ အဆိုပါအမျိုးသားအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ကော့ခနိကျေးရွာ၊ မော်လမြိုင်-မုဒုံကားလမ်းဘေးတွင် အယောင်ဆောင်သက်သေများနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ” လူကြီးတွေရဲ့ အမည်တွေကို အလွဲသုံးစားလုပ်ပြီး အမှုအခင်းတွေကိုလွတ်အောင်လုပ်ပေးမယ်လို့ပြောပြီးတော့ငွေ ကြေးလိမ်လည်မှုတွေ လုပ်နေသူကို ရဲကသတင်းရလို့ ဖမ်းလိုက်တာပါ။ လုပ်စားနေတာကြာပြီလို့လည်းကြားတယ်။ နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး လုပ်စားနေတာပါ။ ခုခေတ်ချိန်ခါမှာ သူလိုလူတွေဘယ်လောက်တောင်ရှိနေမလည်းမသိဘူး။ လူတွေလည်း တစ်ခုခုဆို သေသေချာချာစဉ်းစားလေ့လာပြီးမှ ယုံသင့်ပါတယ်။ အမှုအခင်းဖြစ်တဲ့သူတွေဆိုပိုသတိထားသင့်တာပါ။ သူတို့က သူတို့အပူတွေနဲ့ဆိုတော့ကိုယ့်မိသားစုအမြန်လွတ်ရင်ပြီးရော ဘယ်လိုနည်းနဲ့လုပ်ရလုပ်ရဆိုပြီးတွေးထားတော့ ခုလိုလူလိမ်တွေအတွက်ကျက်စားရာနေရာတစ်ခုဖြစ်လာတာပဲ” ဟုMT News သတင်းဌာနသို့ ပြောခဲ့သည်။
၎င်းအားဖမ်းဆီးရမိချိန်တွင် ၎င်းကိုင်ဆောင်ထားသည့် အိတ်အတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဘက်တံဆိပ် တပ်ဆင်ထားပြီး ပခုံးနှစ်ဖက်ပေါ်တွင် ငွေရောင်ကြယ်(၃)ပွင့်တပ်ဆင်ထားသောရဲယူနီဖောင်း အင်္ကျီတစ်ထည်နှင့် အခြားရဲအရာရှိအသုံး အဆောင်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
၎င်းကိုသက်ဆိုင်ရာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။