October 23, 2024

Photo - Asia World

၂၃. ၂. ၂၀၂၃
Written by Ye Kyaw

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုနှစ်အတွက် ကုန်သွယ်ရေးမျှော်မှန်းချက်ပြည့်မီရန် ဒေါ်လာသန်း ၁၆၀ ကျော်သာလိုအပ်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၂ ခုနှစ်၏ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၃၃၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄ ဒသမ ၁၂၅ ဘီလျံအထိ ပိုမိုဆောင်ရွက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံရရှိရန် ခန့်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်တွင် ဖော်ပြထားသည်။ လက်ရှိဘဏ္ဍာနှစ် ၁၀ လ ကျော်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၃၅၅ ဘီလျံအထိ ရရှိထားသဖြင့် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၁၆၄ ဒသမ ၁၃၆ သန်းသာ လိုအပ်တော့သည်။

အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၄ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှု ‌ဒေါ်လာ ၁၅ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၆ ဘီလျံနီးပါး ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားပို့ကုန်များကို အဓိကတင်ပို့လျက်ရှိပြီး သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *