၂၃. ၂. ၂၀၂၃
Written by Min Mahar
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာချင်းဆက်တံတားကို PDF အဖွဲ့များက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၇ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-ငါန်းမြာသွားကားလမ်းပေါ်ရှိ တောင်ဘိုကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြား၊ သမန်းတောချောင်းဖြတ် ကျေးရွာချင်းဆက်လမ်းတွင် အလျား (၃၀)ပေ၊ အနံ(၁၅)ပေရှိ ကျေးလက်လမ်းသစ်သားဘေလီတံတား မီးလောင်နေကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဇင်သန့် ဦးစီး၍ ၁၀ ဦး၊ မီးငြိမ်းသတ်ရေးယာဉ် တစ်စီးနှင့်အတူ အခင်းဖြစ်နေရာသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၃၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် တံတားကြမ်းခင်းများ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ဖြစ်ကာ ၎င်းတံတားအား ၂၀၂၁ ခုနှစ်တွင် ငွေကျပ် ၅၉ သိန်း ကုန်ကျခံတည်ဆောက်ခဲ့ကြောင်းလည်း သိရသည်။
ယင်းတံတားအား PDF အဖွဲ့များမှ လာရောက်၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု MT News သတင်းဌာနသို့ ဒေသခံများ၏ ပြောပြချက်အရသိရပြီး တံတားမီးလောင်မှုကြောင့် ခရီးသွားလာမှု ခေတ္တနှောင့်နှေးလျက်ရှိကာ တံတားအောက်ခြေဘေးဝဲယာမှ ရှောင်ကွင်းလမ်းများ ဖောက်၍ယာယီသွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း သိရသည်။