၂၃.၂.၂၀၂၃
Written by Peya
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး နိုင်ငံရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားရန်လည်း စီစဉ်ထားကြောင်း အဆိုပါပါတီမှ အတွင်းရေးမှူး (၃) ဦးကျော်ထက် က MT News သတင်းဌာနကို ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည့်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နဝမ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် တက်ရောက်လာသူများက ဆုံးဖြတ်ခဲ့ကြကြောင်းလည်း သိရသည်။
“တစ်အချက်ကတော့ ကိုယ့်ပါတီကနေ ကိုယ့်နိုင်ငံတော်အဆင့် ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်တဲ့နည်းပေါ့။ နောက်တစ်နည်းကတော့ နိုင်ငံရေး အင်အားစုတွေ ရှိတယ်။ နိုင်ငံတော်အဆင့်ကိုပဲ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ အဖွဲ့တွေ ရှိတယ်ပေါ့။ အဲ့ဒီလို အဖွဲ့တွေနဲ့ စုပေါင်းပြီးတော့ မဟာမိတ်သဏ္ဍာန် ဒါမှမဟုတ် ခေါင်းစည်းတစ်ခုအောက်ကနေ ပြည်ထောင်စုအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကိုယ့်မွေးရပ်ဇာတိ၊ ကိုယ့်ဒေသတွင် မဟုတ်ပဲ အခြားအရပ်ဒေသတွင် ရှိနေသည့် တိုင်းရင်းသားများကိုလည်း ရောက်ရှိနေသည့် ဒေသတွင် ကိုယ်စားလှယ်လောင်းနေရာက ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် NDF က ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ထက်က ဆိုသည်။
“မဟာမိတ်နည်းလမ်းကတော့ ပါတီတွေလည်း ဖြစ်ချင်ဖြစ်မယ်။ တခြားအင်အားစုတွေလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ဘက်မှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်တဲ့အတွက် ကျွန်တော်တို့ဆီ ရောက်လာမယ့် အင်အားစုတွေ ရှိမယ်။ အဲ့ဒီလူတွေနဲ့ ကျွန်တော်တို့က ခုနက ပြောသလို ပူးပေါင်းပြီး လုပ်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သည့် ပါတီအဖွဲ့အစည်းနှင့် နှစ်ဖက်အင်အား မျှနေသည်ဆိုပါက ရွေးကောက်ပွဲဝင်ရာတွင် ပါတီ၏ အမည်အပါအဝင် အခြားအချက်အလက်များအတွက် ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။