၂၃. ၂. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် ဘေဘီမောင်က အသက် ၃၂ နှစ်ပြည့်မွေးနေ့မှာ ပကာသနတွေမပါဘဲ ရိုးရှင်းစွာ အသက်တစ်နှစ်ကြီးလာခွင့်ရလို့ ကျေနပ်မိပါတယ်လို့ ဆိုပါတယ်။
မွေးနေ့အလှူအနေနဲ့ လူ ၁၀၀၀ စာ စတုဒီသာထမင်းကျွေးလှူဒါန်းမှုကို ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ်မှာရှိတဲ့ သူမရဲ့ နေအိမ်ရှေ့မှာ ဘဲဥ၊ သီးစုံချဉ်ရည်ဟင်းနဲ့ ငါးခြောက်ကြော်၊ အအေးတို့ကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
“ဘေဘီအသက်တစ်နှစ်လည်း ကြီးလာတာပေါ့။ လူတိုင်းကတော့ သေမယ့်အမျိုးပဲလေ။ ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မလဲ မသိတဲ့ လောကကြီးမှာ ကိုယ်သေသွားရင် ကိုယ့်နောက်ပါမယ့်အထုပ်လေး ထုပ်ရပါတယ်။ ဒီတော့ ဘေဘီ ကုသိုလ်လေးလုပ်ဖြစ်တယ်။ ဘေဘီရဲ့မွေးနေ့မှာ ပကာသနတွေမပါဘဲ ရိုးရှင်းစွာ အသက်တစ်နှစ်ကြီးလာခွင့်ရလို့ ကျေနပ်မိပါတယ်။ ဘေဘီမောင်အနေနဲ့ အရင်တည်းက စတုဒီသာအလှူတွေ ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာတော့ လူအယောက် ၁၀၀၀ စာ အထိ ကျွေးမွေးလှူဒါန်းဖြစ်တာပါ”လို့ သရုပ်ဆောင် ဘေဘီမောင်က ပြောပါတယ်။
သူမက အမျိုးသားဖြစ်တဲ့ အဆိုတော် သားဂန်း၊ သမီးလေးတို့နဲ့အတူ ကိုယ်နောက်ပါမယ့် ပရဟိတတွေ ကုသိုလ်တွေ အများကြီးဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ အဆိုတော်သားဂန်းတို့၊ သမီးလေး ဘီလီယံလေးတို့နဲ့အတူ မိသားစုလုပ်အားခတွေနဲ့ စီးပွားရေးချဲ့ထွင်ပြီး အလုပ်တွေလုပ်ရင်း ကုသိုလ်တွေပြုသွားမယ်လို့ ဆိုပါတယ်။
“ညနေပိုင်း စက်ရုံအလုပ်ရုံက အလုပ်ဆင်းလာတဲ့ မောင်လေးတွေ ညီမလေးရှိတယ်၊ သူတို့ ဗိုက်ဆာနေတဲ့အချိန်မှာ ဘေဘီလည်း လှူရတာ ကုသိုလ်ရတာပေါ့။ သူတို့တွေအနေနဲ့ တစ်နပ်စာ ထမင်းဖိုးကုန်ကျငွေလေး သက်သာပြီး ပိုရရင်ကို ကိုယ့်ရဲ့အလှူအတွက် ကျေနပ်တယ်”လို့ ဘေဘီမောင်က ဆက်ပြောခဲ့ပါတယ်။