၂၃. ၂. ၂၀၂၃
Written By Thandar
Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သော ဟာသဆန်ဆန် ဇာတ်လမ်းပုံစံ “လက်သည်”ရုပ်ရှင်ဇာတ်ကားကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
မဗိုက်တွေအတွက် ကျန်းမာရေးမှူးချစ်ဖွယ်နေရာမှာတော့ သရုပ်ဆောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ယောက်ျားလေး လက်သည်တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်းမာရေးမှူးရဲ့ဇနီး “လှအုန်းမယ်”နေရာကိုတော့ သရုပ်ဆောင်မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဖြစ်တဲ့ မဗိုက်တွေရဲ့ ယောကျာ်းတွေကရော ကြည်ဖြူစွာနဲ့လက်ခံပေးပါ့မလား။ ကျန်းမာရေးမှူးချစ်ဖွယ်ရဲ့ မိန်းမဖြစ်သူကရော လက်ခံနိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့ ရှင်မွေးလွန်းရွာကလေးမှာ ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပြီးတော့ ကျန်းမာရေးမှူးက ကိုချစ်ဖွယ် ဖြစ်ပြီး သားဖွားဆရာမ နော်အေးလှနဲ့ အကူဝန်ထမ်း ကိုရွှေ ဖြစ်ပါတယ်။ နော်အေးလှက ရွာရှိကိုယ်ဝန်သည်တွေကို မွေးဖွားပေးရပြီး အနီးအနားရွာများမှ ကိုယ်ဝန်သည်တွေလည်း နော်အေးလှထံ ရောက်လာတတ်ပါတယ်။ ချစ်ဖွယ်ရဲ့ဇနီး လှအုန်းမယ်မှာ အလွန်သဝန်တိုတတ်သူ ဖြစ်ပါတယ်။ ချစ်ဖွယ်မှာ တစ်ချိန်က ရွာသူ “မြမြ”နဲ့လည်း ချစ်ကြိုက်ခဲ့ဖူးပြီးတော့ မြမြရဲ့မိဘတွေက ပစ္စည်းရှိသူများဖြစ်၍ (ဘုန်းကြီးကျောင်း ကပ်နေရသော) ချစ်ဖွယ်နှင့် သဘောမတူခဲ့ကြဘဲ ကျေးရွာဥက္ကဋ္ဌသား လက်ပွားနဲ့ပေးစားခဲ့ကြတယ်။ ချစ်ဖွယ် ကျန်းမာရေးမှူးသင်တန်းဆင်းပြီး ရွာကို တာဝန်ပြန်ကျတဲ့အခါမှာ လူကြီးတွေက လှအုန်းမယ်နှင့် ဝိုင်းပြီးပေးစားခဲ့ကြတာဖြစ်ပါတယ်။
တစ်ကြိမ်မှာတော့ နော်အေးလှက လူနာတစ်ဦးအား ကလေးမွေးဖွားပေးနေစဉ် အခက်အခဲဖြစ်တာကြောင့် ချစ်ဖွယ်ကို အကူအညီတောင်းရင်းက ချစ်ဖွယ်က ပါဝင်ကူညီပေးခဲ့တယ်။ ချစ်ဖွယ်က သူ့ကလေးမွေးပေးတဲ့အကြောင်း ဇနီးသည်ကို ကြွားရာက သဝန်တိုပြီးဇနီးသည်က အိမ်ပေါ်ကဆင်းသွားပါလေရော။ ဒီအချိန် နော်အေးလှရဲ့ မြို့ကမိခင်ကြီး မကျန်းမမာဖြစ်တာကြောင့် မြို့ပြန်သွားခဲ့တဲ့အချိန်မှာ ရွာရှိကိုယ်ဝန်သည်တွေကို ချစ်ဖွယ်က မွေးဖွားပေးရန် တာဝန်ဖြစ်လာတော့တဲ့အကြောင်းလေးကို ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတာကို ပိတ်ကားပေါ်မှာ ပရိသတ်တွေ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း – နေစိုးသော်တို့ကရေးသားပြီးတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ကျော်ထက်၊ မေမြင့်မိုရ်၊ နေရည်ဝင်းလဲ့၊ ရွှေအိမ်မင်း၊ တက္ကသိုလ်ဂွမ်းပုံ၊ နန်းဝေဝေမြင့်၊ ဂွမ်းပုံကြီး၊ ငှက်ပျောကြော်၊ ဘဲတော (မန္တလေး)၊ Kညီ၊ နေလင်း၊ သီဟ၊ ဦးရွှေအိုး၊ စံလင်း၊ အေးချမ်း၊ မင်းလူနတ်၊ စိုးကြီး၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ ဇာခြည်လွင်၊ နွယ်နီ၊ ယမင်းကျော်၊ ငြိမ်းငြိမ်း စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။