October 23, 2024

ရန်ကုန်မြို့လယ်ရှိ သဘာဝတရားရိပ်သာတွင် ဆန်၊ ဆီ၊ စားဖွယ်ပေးဝေနမှု စောင့်ဆိုင်းယူဆောင်နေသူများမြင်ကွင်း

၂၂. ၂. ၂၀၂၃
Written by Ye Kyaw

ဆန်ဈေးမြင့်တက်နေမှုအခြေအနေကြောင့် အခြေခံအလုပ်သမား၊ ဝန်ထမ်းမိသားစုများအတွက် ဧည့်မထဆန် (၁၀မတ်) ငါးပြည်တစ်အိတ်ကို ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာထားသည်။

ငွေပေးသွင်းဝယ်ယူနိုင်ရန်လည်းကောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာစက်ရုံများသို့ မှာယူသည့်အိတ်ရေ အနည်းအများအပေါ်မူတည်၍ အရောက်ပို့ခြင်း သို့မဟုတ် သတ်မှတ်နေရာတွင် လာရောက်ထုတ်ယူခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဆန်များမှာယူလိုသည့် အခြေခံအလုပ်သမားများရှိသည့်စက်ရုံများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် ဖုန်း-09400067270 နှင့် Viber- 09400067260 သို့ မှာယူနိုင်ကြောင်း ဖော်ပြထားသည်။

အခြားသောဆန်အမျိုးအစားများကို ဝယ်ယူလိုပါက ဝါးတန်းဆန်ကုန်စည်ဒိုင်နှင့် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်တို့တွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်စွာဖြင့် နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ဆန်စားသုံးသူပြည်သူများအနက် စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်း မိသားစုများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းအချုပ်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဝင်ငွေနည်းပါးသော ဝန်ထမ်းမိသားစုများတွင် ဧည့်မထဆန် 10 kg (ငါးပြည်ခန့်) တစ်အိတ်ကို ကျပ်တစ်သောင်းနှုန်းဖြင့် ဆန်အိတ်ရေ ၂၁၆,၆၀၀ ခန့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပေါ်ဆန်းဆန်ရှယ် တစ်ပြည်ကို ကျပ် ၅၀၀၀ အထိမြင့်တက်မှုများရှိခဲ့ပြီး ပေါ်ဆန်းဆန်ရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထိမြင့်တက်ခဲ့၍ ဆန်ချောဈေးတက်သဖြင့် ဆန်ကြမ်းပြောင်းလဲစားသုံးလာသဖြင့် ပြည်တွင်း ဆန်ကြမ်းဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆန်ကြမ်း ဧည့်မထဆန် ၁၀၈ ပေါင် (၂၄ ပြည်) တစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ ရှိကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *