October 23, 2024

၂၂. ၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများမြင့်တက်လာမှုနှင့်အတူ လက်နက်ကိုင်အဖွဲ့များသည် မြေမြှုပ်မိုင်းများကိုအသုံးပြုလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ နေရာအများအပြားတွင် မြေမြှုပ်မိုင်းအသုံးပြုမှုများလည်း ပိုမိုများပြားလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပြဿနာကို လေ့လာစောင့်ကြည့်နေသော ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သော ကင်ဝါရမ်က ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူအရေအတွက်သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်သည် ၂၈၈ ဦး ရှိခဲ့သလို သေဆုံးသူအရေအတွက်က ၁၀၂ ဦးရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း၂၀၂၂ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေက လူပေါင်း ၃၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း UNICEF က ပြောသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအရေအတွက်က နိုင်ငံ့သမိုင်းတစ်လျှောက်အမြင့်ဆုံးအထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ပဋိပက္ခများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ကို အသေးစိတ်ဖော်ပြရန် ခက်ခဲနေသည့်အတွက် ထိခိုက်သေဆုံးသူအရေအတွက်သည် အဆိုပါအရေအတွက်ထက် ပိုမိုများပြားဖွယ်ရှိနေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သော ကင်ဝါရမ်က ပြောသည်။

မြေမြှုပ်မိုင်းကြောင့်ထိခိုက်သေဆုံးရသော ကလေးငယ်အရေအတွက်သည် ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်တွင်ပိုမိုမြင့်တက်လာခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးမှုသည် ၂၀၂၁ ခုနှစ်က ၂၆ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂသည် ၁၉၉၇ ခုနှစ် ကမ္ဘာတဝှမ်းတွင် မြေမြှုပ်မိုင်းအသုံးပြုခြင်းကို တားဆီးပိတ်ပင်မှုများ ထုတ်ပြန်ခဲ့ရာ နိုင်ငံအများစုက အဆိုပါ မြေမြှုပ်မိုင်းအသုံးပြုတားဆီးသည့်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာနိုင်ငံက အဆိုပါ စာချုပ်တွင်လက်မှတ်ရေးထိုးခြင်းမရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် မြေမြှုပ်မိုင်းကို အသုံးပြုလျက်ရှိနေခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခြင်းက ၎င်းတို့တွင် တာဝန်ရှိအရှိဆုံးဖြစ်ကြောင်း အေပီသတင်းဌာန၏ လေ့လာသုံးသပ်မှုစစ်တမ်း AP Analysis တွင် ဖော်ပြထားသည်။

ref ——asahi

Leave a Reply

Your email address will not be published. Required fields are marked *