MT News
Written By Myo Khine
လက်ရှိ NLD ပါတီတွင် လက်တွဲလုပ်ကိုင်ခဲ့ကြသူများနှင့် ပါတီထောင်၍ ရွေးကောက်ပွဲဝင်ပြိုင်ရန်လုပ်ဆောင်နေကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက MT News သို့ ပြောသည်။
နစက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအတွင်း ဝင်ရောက်ပါဝင်ရန် ၎င်းအနေဖြင့် PPP က ထွက်လာသည့် လူငယ်များက အခြားပါတီငယ်များနှင့် ပေါင်းစု၍ ပါတီထောင်မည့်အပြင် ယခင် ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) တွင် လက်တွဲ လုပ်ဆောင်ခဲ့သူများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်းလည်း MT News သို့ ပြောသည်။
“အန်ကယ့်အနေနဲ့ PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) က ထွက်ပြီတဲ့နောက်ပိုင်းမှာ သူတို့ ညီလာခံနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ရန်ကုန်တိုင်းက ဥက္ကဋ္ဌ ဦးညီညီသွင်၊ပဲခူးတိုင်းဥက္ကဋ္ဌ ဒေါ်စောယုမာ။ နောက် ညီလာခံမလုပ်ရတဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ရွေးချယ်တင်မြှောက်ထားတဲ့ မန္တလေးတိုင်းက ဥက္ကဋ္ဌ ဦးဇာနည်အောင်။ မကွေးတိုင်းက ဒုဥက္ကဋ္ဌ ဦးခင်မောင်ဌေး။ အဲဒီ လူတွေက ထွက်လာတယ်။ ထွက်လာတဲ့နောက်မှာ လူငယ် အင်အားစုက အများကြီး ပါလာတယ်။ သူတို့က တက်ကြွတယ်။ တက်ကြွတော့ ပထမတုန်းက ပါတီထောင်ရင် လူတစ်ထောင် လိုတယ်ဆိုတော့ လူတစ်ထောင် စည်းရုံးထားကွာလို့ ပါတီမှတ်ပုံတင် ဥပဒေသစ်မထွက်ခင်က ပြောထားတာပေါ့နော်။ သူတို့က တစ်ထောင်မဟုတ်ဘူး၊ဆယ်ဆ လုပ်မယ်။ လူတစ်သောင်း အဆင်သင့် ဆိုတော့လည်း စုဆောင်းထားတယ်။ ဒါပေမဲ့ အခုဟာက တစ်ပြည်လုံးမှာ လူတစ်သိန်း ဖြစ်သွားပြန်ပြီ။ အဲဒီတော့ ဒီလူငယ်တွေက လူထပ်စုနေတော့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်ပြီးနောက်ပိုင်းမှာ ၂၄၄၃၃ ယောက် ရပြီ။ ဒါက ပါတီ မထောင်သေးဘူး။ ဦးကျော်ဇေယျပါမယ်။ NLD မှာ လက်တွဲပြီး လုပ်ခဲ့တဲ့ လူဟောင်းတွေပါမယ်။ နောက်ပြီးတော့ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ပါမယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကလည်းပါမယ်”ဟု ယင်းက ဆိုသည်။
ပါတီအမည်ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီဟု အမည်ပေးကာ အပြာ၊ အနီ၊ အစိမ်း၊အဝါ စသော အရောင်များဖြင့် ပါတီအလံကို အသုံးပြုမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ၎င်းတို့အနေဖြင့် ပါတီမှတ်ပုံတင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
“အခုအချိန်မှာ တိုင်းပြည်အတွက် လိုအပ်နေတာက ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ဖြစ်တာကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ ဆိုပြီး နာမည်ကို အကြမ်း သတ်မှတ်ထားတယ်။ ပါတီရဲ့အလံတော်ကလည်း အရောင်အစုံပါရမယ်”ဟု ယင်းက ပြောသည်။
ဦးကျော်ဇေယျထူထောင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီတွင် လက်ရှိ NLD ပါတီဝင်အချို့အပြင် NLD ပါတီ၏ ကန့်သတ်ချုပ်ခြယ်တားမြစ်မှုများကြောင့် ခွဲထွက်ကာ ပါတီထူထောင်ခဲ့သူများလည်း ပူးပေါင်းပါဝင်မည်ဟု ကနဦးသိရသည်။