October 23, 2024

ပစ်ခတ်မှုကြောင့် Krewe of Bacchus Parade ချီတက်ပွဲမှာ ပျက်ပြားခဲ့ပြီးနောက် လမ်းများပေါ်တွင် အမှိုက်စမျိုးစုံ ပြန့်ကျဲစွန့်ပစ်ထားသည်ကို ဖေဖော်ဝါရီ ၁၉ ရက်ညက တွေ့ရစဉ်

◾ အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှု ၇၉ မှု ရှိလာ

MT News

translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ လူဆီယားနားပြည်နယ်၊ နယူးအော်လန်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် ညက Krewe of Bacchus Parade ချီတက်ပွဲတွင် ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူကြီးလေးဦးနှင့် မိန်းကလေးတစ်ဦးတို့ သေနတ်ကျည်ဆံများထိမှန်ဒဏ်ရာရခဲ့ကြောင်းနှင့် သံသယရှိသူတစ်ဦးအား အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုကြောင့် Krewe of Bacchus Parade ချီတက်ပွဲမှာ ပျက်ပြားခဲ့ပြီးလူအများအပြားလည်း ချီတက်ပွဲလမ်းကြောင်းမှ စွန့်ခွာထွက်ပြေးသွားကြကာ လမ်းများပေါ်တွင် အမှိုက်စမျိုးစုံ ပြန့်ကျဲစွန့်ပစ်ထားသည်ကို တွေ့ကြရသည်။ ပစ်ခတ်မှုက ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းမှစတင်ခဲ့သော Krewe Of Bacchus Parade ချီတက်ပွဲပြုလုပ်နေစဉ်အတွင်း ည ၉ နာရီခွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုအတွက် သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးထားကြောင်းနှင့် သေနတ်နှစ်လက်တို့ကိုပါသိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်မှုတွင် သေနတ်သမားတစ်ဦးထက်မက ရှိနိုင်မည်လားဆိုသည်ကို စုံစမ်းလျက်ရှိကြောင်းလည်း ပြောခဲ့သည်။

ပစ်ခတ်ခံရသူများတွင် အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးနှင့်မိန်းကလေးတစ်ဦးတို့ပါဝင်ကာ ၎င်းတို့ကိုဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ ၎င်းတို့အနက် အမျိုးသားတစ်ဦးမှာဒဏ်ရာကြောင့် စိုးရိမ်ရသောအခြေအနေတွင်ရှိပြီး ကျန်လေးဦး၏ အခြေအနေမှာကောင်းမွန်ကြောင်းလည်းသိရသည်။

ယခုပစ်ခတ်မှုအထိဆိုလျှင် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ လူအစုလိုက်အပြုံလိုက် အပစ်ခံရမှုပေါင်း ၇၉ မှု ရှိသွားပြီဖြစ်ကြောင်း လက်နက်အကြမ်းဖက်မှုလေ့လာရေးအုပ်စုတစ်ခုဖြစ်သော Gun Violence Archive က ပြောခဲ့သည်။

Ref—- The New York Times

Leave a Reply

Your email address will not be published. Required fields are marked *