October 23, 2024

၂၀. ၂. ၂၀၂၃
Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ၄ ထပ်တိုက်အပါအဝင်နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးမှု ယနေ့ညတွင်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၄၀ မိနစ် (ယနေ့ညပိုင်း)တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ လမ်း ၇၀ နှင့် ၇၁ လမ်း ကြား၊ ၃၃(A)လမ်းပေါ်ရှိ ၄ ထပ်တိုက်မှစတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ထိုမီးလောင်မှုကြောင့် လေးထပ်တိုက်အပါအဝင် နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

” လေးထပ်တိုက်ကနေ စ လောင်ရာက ဘေးက သစ်သားအိမ် ၂ လုံးကိုပါ မီးကူးစက်လောင်ကျွမ်းသွားတယ်။ တိုက်ကမြင့်တော့ အဲဒီကနေ မီးပွားတွေကျရာက လောင်သွားတာပဲ။ မီးသတ်ယာဉ်တွေအများကြီးနဲ့ ဝိုင်းငြှိမ်းသတ်ခဲ့ကြရတယ်။ မီးညွှန့်က ၉ နာရီကျော်က ငြိမ်းသွားပေမဲ့ အကြွင်းအကျန်တွေ ထပ်လောင်မှာစိုးလို့ ည ၁၀ နာရီထိုးပြီးတဲ့အထိ မီးသတ်အဖွဲ့တွေငြှိမ်းသတ်ပေးသွားကြတယ်” ဟု မီးလောင်ရာနေရာအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှညွှန်မှူး ဦးဇော်ဝင်းထွန်း ဦးစီး၍ Level(2)ယာဉ်အုပ်စုဖြင့် မီးသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၄ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးနှင့် ဒေသခံလူမှူကူညီရေးအဖွဲ့ဝင်တို့မှ ပူပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ကာ ည ၈ နာရီ ၅၉ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်တွင်မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် သစ်သားအိမ် ၂ လုံး၊  ၄ ထပ်တိုက် ၁ လုံးတို့ မီးကူးစက်လောင်ကျွမ်းခဲ့ရသည်။ လက်ရှိအခြေအနေတွင် မီးလောင်ကျွမ်းရသည့်အကြောင်းအရင်း၊ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေ၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး(စိစစ်ဆဲ)တို့အား မီးသတ်ဦးစီးဌာနမှ စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပုံစာ။ မီးလောင်ကျွမ်းမှု ငြှိမ်းသတ်နေသောမြင်ကွင်း(Photo- MFSD)

#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *