October 23, 2024

၂၀. ၂. ၂၀၂၃
Written by Nay Aung

ရန်ကုန်မြို့၏ ဆင်းရဲမှုနှုန်းသည် ပြီးခဲ့သော ၅နှစ်ဖြင့် နှိုင်းယှဉ်လျှင် လက်ရှိအချိန်တွင် သုံးဆခန့် ပိုမိုမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် အာဏာပဋိပက္ခများကြောင့် ရန်ကုန်မြို့တွင် နေထိုင်သူများသည် ဖိအားများနှင့် ပိုမိုရင်ဆိုင်ခဲ့ရကြောင်း UNDP က ဆိုသည်။ UNDP  သည် ရန်ကုန်မြို့တွင်နေထိုင်နေသာ လူပေါင်း ၃၀၀၀ ကို ဖုန်းဖြင့် မေးခွန်းများမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ပြီးနောက် ယင်းကဲ့သို့သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ဆင်းရဲမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် သုံးဆနီးပါးမြင့်တက်လာခဲ့ပြီး ဆင်းရဲမှုနှုန်း ၄၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်နေထိုင်နေသော လူအများစု ဆင်းရဲမှုမှရုန်းထွက်နိုင်ရန် အရင်းအမြစ်များ အမြင့်ဆုံးရရှိရန်လိုအပ်နေကြောင်း UNDP ကဖော်ပြထားသည်။ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသား၊ အမျိုးသမီးများသည် ဥပဒေပိုင်းအရ အပြည့်အဝကာကွယ်မှု မရရှိခြင်း၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့အပြင် ရှင်သန်နေထိုင်မှုစရိတ်ကြီးမြင့်ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများ ကောင်းမွန်စွာမရရှိခြင်းများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

မြို့ပြပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းအတွက် စီမံကိန်းများလုပ်ဆောင်မည်ဖြစ်ရာ လာမည့် ၂၀၂၃ တွင် နောက် ထပ်လူပေါင်း ၄၅၀,၀၀၀ ကျော်ကို ရောက်ရှိကူညီပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က ဆိုသည်။ ထို့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ စီမံကိန်းများသည်  ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုမှ လူပေါင်းတစ်သန်းကို လက်ရှိအချိန်တွင် ရောက်ရှိကူညီနိုင်ခဲ့ပြီး လာမည့် ၂၀၂၄ တွင် လူဦးရေ ၇ သန်းအထိ ကျယ်ပြန့်စွာကူညီနိုင်စေရန် မျှော်မှန်းလုပ်ဆောင်လျှက်ရှိနေကြောင်းသိရသည်။

ref – UNDP
#Myanmar #un #mtnews #UNDP
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *