October 23, 2024

MT News

Written by Pan Ei

ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ဘောလုံးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂါနာဘောလုံးကြယ်ပွင့် Christian Atsu ရဲ့ရုပ်အလောင်းကို တူရကီနဲ့ ဆီးရီးယားတို့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့တဲ့ တိုက်တာအဆောက်အအုံတွေအောက်မှာ စနေနေ့(ဖေဖော်ဝါရီ ၁၈ ရက်)က တွေ့ရှိခဲ့တယ်လို့ သူ့ရဲ့အေးဂျင့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ၁၂ ရက်အကြာမှာ Atsu ရဲ့အလောင်းကို တူရကီနိုင်ငံ၊ အန်တာကျမြို့မှာရှိတဲ့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်ကနေ ပြန်လည်တွေ့ရှိခဲ့တယ်လို့ တူရကီနိုင်ငံပိုင် သတင်းဌာန TRT Haber က စနေနေ့က ဖော်ပြခဲ့ပါတယ်။

Atsu ရဲ့ ရုပ်အလောင်းကို ဂါနာဆီ ပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ သူ့ရဲ့လက်ရှိကလပ်အသင်း ဟာတေစပေါ် က Twitter မှာ ဖော်ပြခဲ့ပြီး “ငြိမ်းချမ်းပါစေ၊ လှပတဲ့လူရေ။ ငါတို့ရဲ့ဝမ်းနည်းမှုကို ဖော်ပြဖို့ စကားလုံးမရှိပါဘူး” လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

Atsu ဟာ မနှစ်က ဟာတေစပေါ် အသင်းသို့ မပြောင်းရွှေ့မီ Al Raed FC အတွက် ဆော်ဒီပရိုလိဂ်မှာ ကစားခဲ့ပြီး ချဲလ်ဆီး၊ အဲဗာတန်၊ ဘုန်းမောက်နဲ့ နယူးကာဆယ်အသင်းတို့အပါအဝင် အင်္ဂလန်ကလပ်များစွာမှာလည်း ကစားခဲ့ဖူးပါတယ်။

Atsu သေဆုံးမှုအပေါ် ဘောလုံးအသင်းကြီးတွေက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါနာဘောလုံးအသင်းကလည်း Atsu ရဲ့ ဇနီးနဲ့ ကလေးတွေနဲ့ထပ်တူ အနက်ရှိုင်းဆုံးဝမ်းနည်းမိပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Atsu သေဆုံးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားမှာ ပြင်းအား ၇ ဒသမ ၈ နဲ့ လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၄၅,၅၁၃ ဦး သေဆုံးခဲ့ပြီး တူရကီမှာ အနည်းဆုံး ၃၉,၆၇၂ ဦး သေဆုံးခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *