October 23, 2024

မြောက်ကိုရီးယား၏ Hwasong-15 တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံများကိုတွေ့ရစဉ်

MT News

Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးပျံတစ်စင်းကိုဖေဖော်ဝါရီ ၁၈ ရက်တွင် ပစ်လွှတ်ခဲ့ရာ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ ၎င်း၏ ပထမဆုံးသောဒုံးပျံ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးပျံကို ဂျပန်ပင်လယ်ဟုသိကြသော အရှေ့ဘက်ပင်လယ်အတွင်းသို့ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ၊ အကြီးအကဲများက ပြောခဲ့သည်။ ဂျပန်အစိုးရကလည်း ဒုံးပျံပစ်လွှတ်မှုကို အတည်ပြုခဲ့ပြီး ထိုက်ချင်းပစ်ဒုံးပျံတစ်စင်းဖြစ်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။ သို့သော်အသေးစိတ်မူပြောကြားခြင်းမရှိပေ။ ဒုံးပျံက ၆၆ မိနစ်ကြာပျံသန်းပြီးနောက် ဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့ခြင်းဖြစ်ရာ အမေရိကန်ပြည်ထောင်စုအထိရောက်ရှိအောင်ပစ်ခတ်နိုင်သည်ဟု သုံးသပ်ကြသည်။

မြောက်ကိုရီးယားသတင်းဌာန KCNA ကလည်း ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် တာဝေးပစ်တိုက်ချင်းပစ် ဒုံးပျံတစ်စင်းဖြစ်သော Hwasong-15 ကို ပြုံယမ်းမြို့၊ လေဆိပ်မှ ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ Hwasong-15 က မိုင်ပေါင်း ၇,၀၀၀ (ကီလိုမီတာ ၁၃,၀၀၀)အကွာအဝေးထိ ရောက်အောင် ပစ်လွှတ်နိုင်စွမ်းရှိရာ မြောက်ကိုရီးယားအနေဖြင့် အမေရိကန် ရောက်အောင်ပစ်နိုင်သည့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံကို ပိုင်ဆိုင်ထားခြင်းလည်းဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်၌ လွန်ခဲ့သောတစ်နှစ်အတွင်း မြောက်ကိုရီးယားကလည်းပိတ်ဆို့မှုကိုတုံ့ပြန်လျက် လစဉ်လိုပင် လက်နက်စမ်းသပ်ပစ်လွှတ်ခြင်းများ ပစ်လွှတ်လျက်ရှိရာ အခြေအနေမှာပိုမိုတင်းမာလာနေရသည်။ တောင်ကိုရီးယားကလည်း အဓိကစစ်ရေးမဟာမိတ်ဖြစ်သော အမေရိကန်နှင့်ပူးပေါင်းလျက် မြောက်ကိုရီးယား၏အန္တရာယ်ကို တားဆီးရန်ဟု အကြောင်းပြကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဒေသအတွင်း တိုးမြှင့်ပြုလုပ်လျက်ရှိသည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့အနေဖြင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်သွားမည်ဆိုပါက ၎င်းတို့အနေဖြင့် မြောက်ကိုရီးယား၏မလျှော့တမ်း တုံ့ပြန်ဆောင်ရွက်မှုများနှင့် မလွဲမသွေကြုံတွေ့ရလိမ့်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဖေဖော်ဝါရီ ၁၇ ရက်ကပြောခဲ့သည်။

ပြုံယမ်းမြို့တွင် လွန်ခဲ့သောအပတ်က စစ်ရေးပြချီတက်ပွဲတစ်ခု၌ မြောက်ကိုရီးယားက နျူကလီးယားနှင့် တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံများ(ICBMs) ထုတ်ဖော်ပြသခဲ့သည်။ တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံများက သယ်ယူသိမ်းဆည်းရလွယ်ကူကာ ပစ်လွှတ်ရန်ကြိုတင်ပြင်ဆင်ရာတွင် ပိုမိုတည်ငြိမ်မှုရှိပြီး မြန်ဆန်သည်။ အမေရိကန်အနေဖြင့် ၎င်းအားထောက်လှမ်းမှုပြုနိုင်ရန်လည်း ခက်ခဲကာ မိမိဘက်က လက်ဦးမှုရယူတိုက်ခိုက်နိုင်သည့်အတွက် မြောက်ကိုရီးယားအနေဖြင့်၎င်း၏ထိုကဲ့သို့ တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံများတိုးတက်ကောင်းမွန်ရေး ကာလကြာရှည် ကြိုးပမ်းလျက်ရှိသည်။

Ref..Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *