October 23, 2024

၁၈. ၂. ၂၀၂၃
Written by Peya

နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ တစ်သီး စိုက်နိုင်သော ဧရိယာကို နှစ်သီး၊ နှစ်သီး စိုက်နိုင်သော ဧရိယာကို သုံးသီး စိုက်နိုင်အောင် ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေကို Green City၊ Clean City၊ Smart City အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်ထားပြီး ၂,၇၂၄ စတုရန်းမိုင် ရှိကာ စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၃၂၀,၀၀၀ ကျော်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေနှင့် ပတ်သက်၍ စိုက်ပျိူးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ရကြောင်း ပြောကြားထားသည်။

“ကျွန်တော်တို့က ယခင်တုန်းက တစ်သီး စိုက်နိုင်တဲ့ ဧရိယာကို နှစ်သီး စိုက်နိုင်အောင်၊ နှစ်သီးစိုက်နိုင်တဲ့ ဧရိယာကို သုံးသီး စိုက်နိုင်အောင် ဆောင်ရွက်တဲ့အခါ ရေရရှိရေးကို အဓိကထားပြီး ဆောင်ရွက်တာပေါ့။ နေပြည်တော်မှာရှိတဲ့ ဆည်၊ ကန်တွေကို အခြေခံပြီး လုပ်တာက တစ်ခု၊ နောက် မြေအောက်ရေနဲ့ အဝီစိတွင်းတွေ တူးပြီး ဆောင်ရွက်တာက တစ်ခု” ဟု ဒေါက်တာ ရဲတင်ထွန်း က ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆည်ရေရရှိသည့် နေရာများတွင် နှစ်သီး၊ သုံးသီး စိုက်နိုင်မည့် အစီအစဉ်များကို ဆောင်ရွက်နေပြီး သီးနှံများ မျိုးကောင်း၊ မျိုးသန့် မျိုးစေ့ ရရှိရေးအတွက် တောင်သူများ နှင့် ညှိနှိုင်းကာ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ စပြီးတော့ ဆောင်ရွက်နေပါပြီ။ တချို့နေရာတွေမှာ အဝီစိတွင်းတွေ တူးတယ်။ ကျွန်တော်တို့ မိုဘိုင်း ဆိုလာ နဲ့ ရေတင်တာ ရှိတယ်။ တစ်နှစ်ပတ်လုံး ရေစီးနေတဲ့ ချောင်းလေးတွေကို ယာယီ တမံ နဲ့ ပိတ်ပေးတာမျိုး ကျွန်တော်တို့ လုပ်ပါတယ်။ ပြီးတော့ ရေစုပ်တင်ပြီး သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ လုပ်နေပါတယ်” ဟု ဒေါက်တာ ရဲတင်ထွန်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *