October 23, 2024

၁၈. ၂. ၂၀၂၃

Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသို့ ရေကြောင်းကတဆင့် လာရောက်နိုင်ရန်အတွက် ဆိပ်ခံ ဗောတံတား တည်ဆောက်မှု ပြီးစီးတော့မည်ဖြစ်ကာ ရေယာဉ်ဖြင့် လာရောက်နိုင်ရန်အတွက်လည်း ချိတ်ဆက်မှုများ ပြုလုပ်ထားကြောင်း တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ ချိတ်ဆက်မှုနှင့် ပတ်သက်၍ လက်ရှိတွင် တိုင်းရင်းသားကျေးရွာ၊ ပဲခူးမြစ်ကမ်းဘေးတွင် ဆိပ်ခံ ဗောတံတား တစ်ခုကို တည်ဆောက်နေပြီး ၇၇ ဒဿမ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမည့် မတ်လတွင် အပြီးတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ တံတားကို ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကပင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ချဉ်းကပ် ကွန်ကရစ်တံတား အမျိုးအစား ဖြစ်ကာ အကျယ် ၁၂ ပေ နှင့် တံတား အရှည် ၉၆ ပေ ရှိကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

“ဒီတံတားပြီးသွားရင်တော့ Tour package တွေ ဘာတွေပေါ့နော်။ ပန်းဆိုးတန်းဆိပ်ကမ်းကနေပြီး ကျွန်တော်တို့ ဆီကို ခရီးသွားတွေ သင်္ဘောစီးလာလို့ ရအောင်ပေါ့။ အများပြည်သူအတွက်လည်း ကားလမ်းကလာရင် ကားပိတ်တာတွေ ဘာတွေ ရှိတာမို့လို့ ပန်းဆိုးတန်းကနေ Star City တို့ ဘာတို့က ဖယ်ရီသင်္ဘောတွေနဲ့ ချိတ်ထားပါတယ်။ ကျွန်တော်တို့ဆီ ရောက်အောင် ပြေးဆွဲပေးမယ် ဆိုတာမျိုးလည်း ညှိထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ တိုင်းရင်းသား ကျေးရွာသို့ လာရောက်ရာတွင် အမြင်အသစ် နှင့် ခံစားမှု အသစ် ရရှိစေရန် အတွက်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *