October 23, 2024

၁၈. ၂. ၂၀၂၃
တင်ဆက် / တည်းဖြတ် – ပန်းအိ/ ဟေမာ

Netflix ကနေ ဖေဖော်ဝါရီလထဲမှာ ထွက်ရှိလာမဲ့ “We Have a Ghost” ဆိုတဲ့ ရုပ်ရှင်ကတော့ တစ္ဆေတစ်ကောင်ရှာတွေ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားနာမည်နဲ့မတူဘဲ ထိတ်လန့်စရာဇာတ်ဝင်ခန်းတွေထက် ဟာသလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Ernest” ဆိုတဲ့ ဝတ္ထုကို အခြေခံထားပြီး ဒါရိုက်တာ Christopher Landon က ရိုက်ကူးဖန်တီးထားတဲ့ “We Have a Ghost” ဆိုတဲ့ ရုပ်ရှင်ဟာ မိသားစုဟာသ၊ စူးစမ်းရှာဖွေတာတွေနဲ့ Horror Comedy ဇာတ်လမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ မင်းသား David Harbour က Ernest ဆိုတဲ့ တစ္ဆေနေရာကနေ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Anthony Mackie၊ Jahi Di’Allo Winston နဲ့ Jennifier Coolidge စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ကောင်လေး ကယ်ဗင်ရဲ့မိသားစုဟာ အိမ်သစ်တစ်ခုဆီ ပြောင်းရွှေ့နေထိုင်တဲ့အခါ အိမ်ရဲ့ ထပ်ခိုးအခန်းမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေထဲက ပိတ်မိနေခဲ့တဲ့ Ernest လို့ခေါ်တဲ့ တစ္ဆေတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။ ကယ်ဗင်ရဲ့အဖေက YouTube ပေါ် တစ္ဆေ Ernest ရဲ့ ဗီဒီယိုဖိုင်တွေကို တင်ခဲ့ရာမှာ ဗီဒီယိုက ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားပြီး Ernest ရော ကယ်ဗင်မိသားစုပါ ကျော်ကြားသွားခဲ့ပါတယ်။

အတိတ်ကို သတိမရတဲ့ Ernest ရဲ့ အကြောင်းတွေကို လိုက်လံရှာဖွေကြရင်းနဲ့ တစ္ဆေဖမ်းဖို့ ရည်ရွယ်နေတဲ့ စီအိုင်အေ မသိအောင် ကြိုးစားဖော်ထုတ်ကြပုံတွေကို ဟာသလေးတွေ နှောပြီး ကြည့်ရှုနိုင်ဖို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Netflix ကနေ ထုတ်လွှင့်တော့မယ့် We Have a Ghost ဆိုတဲ့ ဇာတ်ကားကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *