October 23, 2024

ပြည်တွင်းထုတ် မီးရထားစက်ခေါင်းကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်

၁၈. ၂. ၂၀၂၃
Written by Ye Kyaw

လျှပ်စစ်သုံး မီးရထားစက်ခေါင်းနှင့် မော်တော်ယာဉ်များ ထုတ်လုပ်ခြင်း၊ လျှပ်စစ်သုံးယာဉ် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များ အခွန်ကင်းလွတ်ခွင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဖေဖော်ဝါရီ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၃ နှင့် ပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအဖြစ် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် MIC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများတွင် CKD၊ SKD စနစ်ဖြင့် လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် အခြားယာဉ်များအပါအဝင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးတို့ပါဝင်ပြီး လျှပ်စစ်မီးရထားစက်ခေါင်း ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဒီဇယ်-လျှပ်စစ် မီးရထားစက်ခေါင်း ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ပါဝင်သည်။

ထို့ပြင် အဆိုပါလျှပ်စစ်သုံးယာဉ်အမျိုးအမျိုးအတွက် ကိုယ်ထည်အစိတ်အပိုင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဘက်ထရီနှင့် ဆက်စပ်အပိုပစ္စည်း၊ လျှပ်စစ်သုံးနှစ်ဘီးတပ်ယာဉ်အမျိုးမျိုးကို CKD၊ SKD စနစ်ဖြင့် ပြည်တွင်း၌ တပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။

လျှပ်စစ်ဓာတ်အား ဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်အတွက် ဘက်ထရီ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်သုံးဘတ်စ်ကားများ ပြေးဆွဲခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံး အငှားယာဉ် (Taxi) နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ တီထွင်မှုနှင့် သုတေသနလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ Technical Testing and Analysis လုပ်ငန်းများပါဝင်သည်။

အဆိုပါ လုပ်ငန်းအမျိုးအစားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ထောင်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ ပြည်ပမှ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်‌ လျှောက်ထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ ပုဒ်မခွဲ (က)အရ အကောက်ခွန်ဖြစ်စေ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားနိုင်ခြင်းအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅ ပုဒ်မခွဲ (ဂ)အရလည်း ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်ရန် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် လျှပ်စစ်ကားအရေအတွက် ၄၀ စီးကို ပထမဦးဆုံးအကြိမ် တင်သွင်းထားပြီး ယင်းအနက် လျှပ်စစ်ကား ၂၀ စီးအား ရန်ကုန်လေဆိပ်နှင့် နေပြည်တော် သပြေကုန်ဈေးတို့၌ အခြေပြု၍ တက္ကစီများပြေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

မီးရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)၌ မြင်းကောင်ရေ ၁,၂၀၀ အားရှိ ခေတ်မီဒီဇယ်လျှပ်စစ် စက်ခေါင်းအသစ်များကို ကိုယ်တိုင်ထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ရာ စက်ခေါင်းသစ် လေးခေါင်း တည်ဆောက်ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *