October 23, 2024

၁၈. ၂. ၂၀၂၃
Written by Peya

ငွေဆောင်ကမ်းခြေတွင် သန္တာကျောက်တန်းများကို ခွာယူ၊ ချိုးယူ ရောင်းချနေသူများ ရှိနေသည့်အတွက် သန္တာကျောက်တန်း ပြုန်းတီးမည့် အန္တရာယ် ကြုံနေရကြောင်း ဒေသခံ တစ်ဦးက MT News သတင်းဌာနသို့ ပြောခဲ့သည်။

“ကျွန်တော်တို့ ငွေဆောင်ကမ်းခြေမှာ သန္တာကျောက်တန်းတွေကို ခွါယူရောင်းချနေကြနေတဲ့သူတွေ ရှိနေတဲ့အတွက် သန္တာကျောက်တန်း ပြုန်းတီးမယ့် အန္တရာယ်နဲ့ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ခရီးသွားမိတ်ဆွေ ဧည့်သည်တော်တွေ အနေနဲ့လည်း သန္တာကျောက်ပွင့်/ကျောက်ပန်းခက်တွေကို မဝယ်ယူခြင်း၊ မသယ်ဆောင်ခြင်းတွေနဲ့ ဝိုင်းဝန်းကူညီစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သန္တာကျောက်တန်းများ၏ ပေါက်ဈေးမှာလည်း အစားစား ရှိနေပြီး ထမင်းစား ပန်းကန်ခန့် အရွယ်အစားမှာ ကျပ် လေးထောင်၊ ငါးထောင်ခန့် ပေါက်ဈေးရှိပြီး ထိုထက် အရွယ်အစားကြီးပါက တစ်သောင်း နှင့် အထက်ရှိနေကာ အဆိုပါ ဈေးမှာ သန္တာကျောက်တန်းကို ဆိုင်သို့ သွင်းသည့် ဈေးဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။

“အသေတွေ ကောက်တာက နည်းပါတယ်။ ချိုးကြတာပါ။ ရေတိမ်ပိုင်းတွေမှာ သန္တာကျောက်တန်းကို ကိုယ်တိုင်ချိုးပြီးရောင်းတဲ့သူတွေ ရှိတယ်။ အဲ့ဒီလိုမဟုတ်ပဲ တချို့က စီးပွားဖြစ်ချိုးတဲ့သူ ရှိတယ်။ အကြီးအကျယ် တစ်ယောက်တည်းက ချိုးတာမျိုးတော့ မဟုတ်ပါဘူး။ မသိမသာနဲ့ သွားရင်းလာရင်း နဲ့ ချိုးလာကြတယ်။ ပြီးတော့ ဆိုင်နဲ့ ဆက်သွယ်ပြီး တင်ရောင်းတာပေါ့” ဟု အဆိုပါ ဒေသခံ က ဆိုသည်။

အချို့က အလှမွေးငါးမွေးသူများ နှင့် ချိတ်ဆက်ကာ ကန်အတွင်း အလှဆင်ရန်အတွက် ပို့နေခြင်းလည်းရှိကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *