၁၈. ၂. ၂၀၂၃
Written By Thandar
ဒါရိုက်တာအလုပ်အပြင် တေးသီချင်းတွေလည်း ကိုယ်တိုင်သီဆိုနေတဲ့ အဆိုတော် J Z ဒေါင်လွဏ်းက သူ့ရဲ့ကချင်စကားပြော မြန်မာစာတန်းထိုး (ဦးနဲ့ခေး) ဇာတ်လမ်းတွဲမှာ Kanam (ခေး) နေရာက သရုပ်ဆောင် မင်းသမီးပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ကချင်သီချင်းဖြစ်တဲ့ Ah Gu hte Kanam (ဦးနဲ့ခေး) ဆိုတဲ့ သီချင်း May Kha online TV (MK media) ကနေ ကချင်စကားပြော မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲ ရိုက်ကူးမှာဖြစ်ပြီး Kanam (ခေး) နေရာကို သရုပ်ဆောင် မင်းသမီးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါတဲ့ အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အတွင်းရှိ အမျိုးသမီးတွေရဲ့ အရည်အသွေးကို ပြသခွင့်ရရှိမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။
“ကျွန်တော်ရဲ့ ကချင်စကားပြော ကချင်သီချင်းလေးတော့ ထွက်ထားပါတယ်။ အဓိကတော့ ဒီသီချင်းက ဇာတ်လမ်းဆန်ဆန်လေးပဲ ရေးထားတယ်။ ဇာတ်လမ်းရိုက်မယ်လုပ်ထားတာပါ။ ခုချိန်မှာလည်း သိတဲ့အတိုင်းပဲ May Kha YouTube Channel ဇာတ်ကားရိုက်တင်ဖို့ လုပ်နေပါတယ်။ ဒီ ကချင်ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် သရုပ်ဆောင်သစ်လေးတွေ ခေါ်ယူတာပါ။ YouTube ကနေ ဝင်ငွေလေးပြန်ရနိုင်အောင်လို့ စီစဥ်ဖြစ်သွားတာပါ”လို့ ဒါရိုက်တာ အဆိုတော် JZ ဒေါင်လွဏ်းက MT News ကို ပြောပါတယ်။
ကချင်သီချင်းဖြစ်တဲ့ Ah Gu hte Kanam (ဦးနဲ့ခေး) ရဲ့ ဇာတ်လမ်းတွဲကတော့ အပိုင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပေမဲ့ မင်းသမီးနေရာကို မရွေးချယ်ရေးသေးပါဘူး။ ဆန်ကာတင် အမျိုးသမီး ၁၀ ယောက်ကို မျှပြီးတော့ ရိုက်ကူး တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကချင် သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်သွားကြမယ်လို့ သူက ဆက်ပြောပါတယ်။
“ဒီဇာတ်လမ်းလေးကတော့ ဦးနဲ့ ခေးလေးမလေးရဲ့ ဇာတ်ပါပဲ။ သမားရိုးကျဖြစ်နေတဲ့ ဇာတ်လေးပါပဲ။ ရိုမန့်နဲ့ ဟာသလေးနဲ့ နည်းနည်းရောပြီး ရိုက်ကူးသွားမှာပါ။ သရုပ်ဆောင်တွေ ရွေးချယ်ပြီး ဇာတ်လမ်းရိုက်မယ်ဆိုရင်လည်း ပရိသတ်တွေကို သေချာအသိပေးမှာပါ”လို့ သူကဆက်ပြောပါတယ်။