၁၇. ၂. ၂၀၂၃
Written by Ye Kyaw
စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် ငွေကြေး၊ အရင်းအနှီးများ၌ ငွေကြေးခဝါချမှု ကျူးလွန်သူများ မပါဝင်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့် ဗဟိုဘဏ်အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်မှု ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အားလုံးပါဝင်မည်ဖြစ်ပြီး သတင်းပို့ခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ပြင်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများကိုလည်း ညွှန်ကြားချက်နှင့်အညီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေအရရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်၊ ညွှန်ကြားချက်များ ငွေရေးကြေးရေးအဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ရာမှာ ရရှိထားသည့် ငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေး ကြိုတင်တားဆီးကာကွယ်ခြင်းဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောသည်။