၁၇. ၂. ၂၀၂၃
Written By Thandar
ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ လူငယ်သရုပ်ဆောင် ဘုန်းမင်းနေလက အနုပညာနဲ့ပတ်သက်ရင် ပရိသတ်က မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်ရဲ့သားလို့ မမေ့သေးသမျှ ကျွန်တော် အောင်မြင်တယ်လို့ ပြောလို့မရပါဘူးလို့ ဆိုပါတယ်။
“ကျွန်တော်က မေမေ့ရဲ့သားဆိုတဲ့အရှိန်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ မတက်ချင်ဘူး။ ကျွန်တော့်ကို ဘုန်းမင်းနေလက မေမေခင်ဇာခြည်ကျော်သား ဆိုတာကို မေ့စေချင်တယ်။ အဲဒီလိုမှ မမေ့သေးသမျှတော့ ကျွန်တော် အောင်မြင်တယ်လို့ ပြောလို့မရပါဘူး” လို့ ဘုန်းမင်းနေလကပြောပါတယ်။
သူက လက်ရှိမှာ ဇာတ်လမ်းတွဲတွေကို ခပ်စိပ်စိပ် ရိုက်ကူးလာခဲ့သူလည်းဖြစ်ပြီး ဆည်းဆာ စိမ်းစိမ်း၊ တိမ်နဲ့ရေးတဲ့အရုပ်၊ ပိုင်ရှင်ရှိသည် မကျူးကျော်ရ စတဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးထားပါတယ်။ ဆည်းဆာစိမ်းစိမ်းဇာတ်လမ်းတွဲကတော့ ပရိသတ်ဆီကို အရောက်ပို့နိုင်ခဲ့ပြီးဖြစ်သလို လက်ရှိမှာလည်း” မြူမှုန် ဝေးဝေး” ဇာတ်လမ်းတွဲကို တောင်ကြီးမှာ ရိုက်ကူးနေပါတယ်။
“ကျွန်တော့်ရဲ့ ဒီဇာတ်လမ်း ကာရိုက်တာက ပထမရိုက်တဲ့ ကာရိုက်တာတွေနဲ့ မတူဘူး။ တူနေတဲ့ ကာရိုက်တာလည်း ကျွန်တော် မရိုက်ချင်ပါဘူး။ ဒီဇာတ်ကားမှာ ဓာတ်ပုံဆရာအလုပ်ကိစ္စနဲ့ တောင်ကြီးလာရတယ်ဆိုတဲ့ ရိုမန့်ဒရာမာ ဇာတ်လေးမှာ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းမှာ ကျွန်တော်က ဇာတ်ကို ဆွဲတင်ရမယ့် သူထဲက တစ်ယောက်အဖြစ် ပါဝင်ရလို့ အရမ်းကို တာဝန်ကြီးပါတယ်။ တကယ်လို့ ကျွန်တော်လိုချင်တဲ့ အိုက်တင်မရဘူးဆိုရင် ဒီဇာတ်ကားမှာ ထိခိုက်မူရှိနိုင်တယ် ။ ဒီကားအတွက် အများကြီး Pressure ရှိလို့ ကျွန်တော် ပိန်သွားတာသာ ကြည့်ပါ”လို့ သူကဆက်ပြောပါတယ်။