October 23, 2024

၁၇. ၂. ၂၀၂၃
Written by Ye Kyaw

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လာမည့်နှစ်ရက်တွင်လည်း ဆက်လက်၍ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်မြို့အနှံအပြားတွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းသည့်အပြင် လေပြင်းများလည်း ကျခဲ့သဖြင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှုပါဖြစ်ပွားကာ မြို့နယ်အချို့တွင် မိုးသီးများပါ ကျရောက်ခဲ့ဟုလည်း သိရသည်။

ထိုသို့ မိုးရွာသွန်းမှုမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ခန့်မှန်းချက်များအရ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တ‌လေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရွာနှုန်း ၈၀ ရာခိုင်နှုန်းဖြစ်သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၈၀ ရာခိုင်နှုန်းအထိရှိကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *