October 23, 2024

၁၇. ၂. ၂၀၂၃
Written by Peya

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရန်အတွက် နေရာအများစုတွင် လွတ်လွတ်လပ်လပ် မဲပေးနိုင်သည့် အခြေအနေမျိုး ရောက်သည့်အထိ ဆောင်ရွက်ဖွယ်ရှိသည်ဟု သုံးသပ်မိကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးရဲထွန်းက MT News သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။

အရေးပေါ်ကာလ နှစ်နှစ် ပြည့်ပြီးနောက် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့ကာ အရေးပေါ်ကာလကို ၆ လ သက်တမ်းထပ်မံတိုးခဲ့ရာတွင် နိုင်ငံအတွင်း မြို့နယ် ၁၉၈ ခုသာ တည်ငြိမ်သည့်အခြေအနေရှိသည့်ဆိုသည့်အချက်လည်း ပါဝင်ခဲ့သည်။

“သူတို့ (NUG, PDF) လှုပ်ရှားနိုင်တဲ့ နယ်မြေကျဉ်းသွားအောင်၊ တရားဥပဒေ စိုးမိုးရေးလုပ်နိုင်မှ ရွေးကောက်ပွဲကလည်း လုပ်နိုင်မှာ။ အဲဒီလို မဟုတ်ရင်တောင်မှ သူ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ) က ဘာစိုးရိမ်တာလဲဆိုတော့ ပြည်သူလူထုက မဲလာထည့်တဲ့ မဲပေးပွဲကျင်းပနိုင်တယ် ဆိုရင်တောင်မှ လွတ်လွတ်လပ်လပ် စိတ်ဆန္ဒနဲ့ မဟုတ်ဘဲ ဖိအားတစ်ခုခုကြောင့် အကြောက်အလန့် တစ်စုံတစ်ရာနဲ့ မဲလာထည့်ရတဲ့ အနေအထားမျိုးဆိုရင် ဒါက လွတ်လပ်တဲ့ မဲပေးပွဲ မဟုတ်ဘူးလို့ သတ်မှတ်တာပေါ့နော်။ နစက ဥက္ကဋ္ဌ ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ အဲဒီလိုမျိုး ဆိုရင်လည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ယူဆမှာပေါ့။ အဲဒီ အခြေအနေအထိ ရောက်အောင် ကြိုးစားမယ်လို့ ယူဆရတယ်” ဟု ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

အထက်ပါ အနေအထားအတိုင်း လွတ်လပ်အေးချမ်းစွာဖြင့် ခြိမ်းခြောက်မှုများမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်သည့် အနေအထားအထိ ရောက်ရန်မှာလည်း လုံခြုံရေးကို အာမခံပေးနိုင်သည့် နေရာဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“နေရာအများစုမှာ အဲ့ဒီလို အခြေအနေမျိုး ရောက်အောင်လုပ်ဖိုက ပထမ လိုအပ်ချက်ဖြစ်လိမ့်မယ်” ဟု ဦးရဲထွန်းက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *