◾️ မလေးရှားဝန်ကြီးချုပ် အလိုကျ မြန်မာကို အာဆီယံမှ ထုတ်ပယ်ရန်က လေထန်ရေဆန်ကိုတက်ရသည့် ခက်ခဲကြမ်းတမ်းလှသောခရီး ဖြစ်လာမည်သာ
၁၇. ၂. ၂၀၂၃
Translated by Htwe Ko Tun
(South China Morning Post သတင်းဌာန Asia Desk မှ အကြီးတန်းသတင်းထောက် Dewey Sim ရေးသားသည့် ” Malaysian PM Anwar’s suggestion of Asean ‘carving out Myanmar’ faces uphill task” မှ ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်ပါသည်)
မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)မှ ထုတ်ပယ်သင့်ကြောင်း ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အကြံပြုလာမှုအပေါ် အငြင်းပွားမှုများရှိလာခြင်းက တစ်နည်းအားဖြင့် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဥပဒေများပြဌာန်းဆောင်ရွက်ရန်မှာ ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဟုပင် ဆိုရပေမည်။
အန်ဝါက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အာဏာရခဲ့ပြီးနောက် ဒေသအတွင်း ၎င်း၏ပထမဆုံးခရီးစဉ် တစ်စိတ်တစ်ဒေသအဖြစ် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ရာတွင် မြန်မာအစိုးရက ရက်စက်ကြမ်းကြုတ်အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။ ၎င်းက “ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံကို အဖွဲ့အတွင်းမှ ထုတ်ပယ်သင့်တယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံအရေးက အာဆီယံရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေကို အနှောင့်အယှက်ဖြစ်မနေသင့်ဘူး။ အကယ်၍ မြန်မာအစိုးရကို အခိုင်မာဆုံး သတင်းပေးပို့ချက်ပြုခြင်းဖြင့် ကျွန်တော်တို့မှာ ခိုင်မာတဲ့ အများသဘောတူဆန္ဒရရှိနိုင်တယ်ဆိုတာ ပြခြင်းက အကောင်းဆုံးနည်းလမ်းပါ” ဟုပြောခဲ့သေးသည်။
တစ်နည်းဆိုရလျှင် အန်ဝါ၏ပြောကြားချက်များက အာဆီယံအဖွဲ့အတွင်း အကျပ်အတည်းတွေ့နေရမှု နှစ်နှစ်ကြာခန့်ရှိလာပြီဖြစ်သော မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရေး(သို့မဟုတ်)ထုတ်ပယ်ရေး အငြင်းပွားမှုကို အသစ်တစ်ဖန် ပြန်လည်စတင်လာခြင်းဟုပင် ဆိုရပေမည်။
သို့ရာတွင် အန်ဝါ၏ ဝေဖန်ပြောကြားချက်များအပေါ် အာဆီယံခေါင်းဆောင်များက အာရုံစိုက်အလေးထားမှုကိုကား များစွာမမျှော်လင့်နိုင်ဟုပင် ဆိုရပေမည်။ ၂၀၂၁ ခုနှစ်တွင် မလေးရှား၏ အတိုက်အခံနိုင်ငံရေးသမားအနေနှင့် ရှိခဲ့စဉ်ကပင် အကယ်၍ မြန်မာနိုင်ငံ၏ အာဏာထိန်းအစိုးရက နိုင်ငံရေးသမားများကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန်နှင့် အရပ်ဘက်အစိုးရအား အာဏာပြန်လွှဲပေးခြင်းတို့ မပြုလုပ်ပါက မြန်မာနိုင်ငံအား အာဆီယံအဖွဲ့မှဆိုင်းငံ့ရန် အာဆီယံခေါင်းဆောင်များကိုတိုက်တွန်းသည့် ကြေညာချက်ကို အန်ဝါက ပူးတွဲလက်မှတ်ထိုးခဲ့သည်။
သို့သော် မြန်မာအစိုးရ၏ နောက်တစ်နေ့တွင် ပြန်လည်တုံပြန်ဖြေရှင်းသည့်ကြေညာချက် ထွက်လာအပြီးတွင်မူကား ထို ပြောကြားချက်များက နောက်ပြန်လှည့်သွားခဲ့ရသည်။ ထိုအရင်ကဆိုလျှင်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ ကာဒါ က မြန်မာ့အရေးကြောင့် အာဆီယံ၏ ဆောင်ရွက်ရန်ကိစ္စများ ရပ်တန့်မနေသင့်ကြောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး ချမ်းသာကြွယ်ဝမှုနှင့် ဒေသတွင်းပြည်သူအားလုံးအတွက် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်သင့်ပြီဖြစ်ကြောင်း ပြောခဲ့သေးသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အချို့သောလေ့လာသူများက မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့ရန် အစပိုင်းတွင် အကြံပြုခဲ့ကြသေးသည်။ သို့သော် ၎င်းက လက်တွေ့တွင်ကား ဖြစ်မလာခဲ့ပေ။ အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးစီမံချက်ကို ခိုင်မာအောင်ကြိုးစားရန် ကတိပြုခဲ့ကြသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် သတ်မှတ်အချိန်ကာလတစ်ခု လိုပေလိမ့်မည်။
အာဆီယံပဋိဉာဉ်စာတမ်း၌ အဖွဲ့ဝင်နိုင်ငံတစ်ခုကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရေး(သို့မဟုတ်) ထုတ်ပယ်ရေးမပြုနိုင်ဟူ၍ ပြဌာန်းချက်စာပိုဒ် တစ်စုံတစ်ရာမပါရှိကြောင်း လေ့လာသူအချို့ကအစပိုင်းတွင် ပြောခဲ့ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီး၏အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန်(သို့မဟုတ်) ထုတ်ပယ်ရန်ဆိုသည်က လက်တွေ့တွင်မူ လေထန်ရေဆန်ကို တက်ရသည့် ခက်ခဲကြမ်းတမ်းလှသော ခရီးတစ်ခုဟုပင်ဆိုရပေမည်။ အကြောင်းမှာ အာဆီယံပဋိဉာဉ်၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ဟူ၍ ပါရှိနေသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံအရေးနှင့်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား၌ပင် အမြင်မတူကွဲပြားသည့် သုံးသပ်ချက်များကိုထင်ရှားစွာတွေ့နေရသည်။ ဥပမာအားဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် လာအိုကဲ့သို့နိုင်ငံများက စေ့စပ်ပြေငြိမ်းလိုသော ရပ်တည်ချက်ဖြင့် ပြဿနာကိုဖြေရှင်းသွားကြရန် လိုလားနေသည်။
ထို့ကြောင့်လည်းနောက်ဆုံးအနေနှင့်မူ မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ မြန်မာနိုင်ငံကို အာဆီယံမှ ဆိုင်းငံ့ရေး (သို့မဟုတ်) ထုတ်ပယ်ရေးတောင်းဆိုတိုက်တွန်းချက်များက ခေတ္တခဏ ရေပန်းစားအလေးထားကြမည့် အငြင်းပွားမှုများသာ ဖြစ်စေလိမ့်မည်ဖြစ်ပြီး ပဋိပက္ခကိုသာ အချိန်ဆွဲ လေးဖင့်စေမည်ဟု ယုံကြည်မိကြောင်းသုံးသပ်ရပေသည်။
Ref-SCMP