MT News
Written by Nyein Kyaw
အင်းစိန်မြို့နယ် မြို့သစ်ဈေးအနီးတွင် ကုန်ကားတစ်စီးယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းခြေထောက်ညပ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှု ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ဘုရင်နောင်လမ်းမ မြို့သစ် (ဂ)ရပ်ကွက်၊ မြို့သစ်ဈေးအနီး ISUZU အမျိုးအစား ကုန်တင်ယာဥ်တစ်စီးက ရပ်ထားသည့်ကားအား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ကုန်ကားမောင်းသူ ခြေထောက်ညပ်နေ၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
“အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက် ဘုရင်နောင်လမ်းမပေါ်မှာဖြစ်တာ။ ယာဥ်အမျိုးအစားက ကုန်တင်တဲ့အလတ်စားကားကနေပြီးတော့ လမ်းဘေးမှာရပ်ထားတဲ့ကားကို ဝင်တိုက်မိပြီး အဲဒီ ISUZU ကားပေါ်မှာပါလာတဲ့ အမျိုးသားက ခြေထောက်ညပ်နေတာ။ အဲဒီအမျိုးသားကို အင်းစိန်ဆေးရုံကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပို့ဆောင်လိုက်ပါတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌက ပြောသည်။