MT News
Written By Thandar, Haymar
ဆင်ဆာပါဝင်တဲ့ ဟာသဉာဏ်ရွှင်ပြိုင်ပွဲဝင် လူရွှင်တော်ပြိုင်ပွဲ အစီအစဉ်တင်ဆက်သွားမယ်လို့ သိရပြီး ဒီပြိုင်ပွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်မှာ ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မျိုးဆက်သစ် လူရွှင်တော် ၂ ယောက်ကို ၁ သင်းပါဝင်တဲ့ အသင်း ၁၆ ဖွဲ့က အုပ်စုတွေခွဲကာအဆင့်ဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ဝါရင့်လူရွှင်တော်ဒိုင်တွေအဖြစ် ချစ်ချော ၊ ပန်းသီး ၊ ချစ်စရာ (မန္တလေး) နဲ့ ထင်ပေါ် (မန္တလေး) တို့ကဆောင်ရွက်မှာဖြစ်ပြီး ပထမဆု ကျပ် ၁၅သိန်း ၊ ဒုတိယဆု ကျပ် ၅ သိန်း ၊ တတိယဆု ကျပ်၃သိန်း ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ဒါအပြင် ပြိုင်ပွဲ ပွဲစဉ်တိုင်းမှာ နိုင်တဲ့ အသင်းကို ကျပ် ၂ သိန်းနဲ့ ရှုံးတဲ့အသင်းကို ကျပ် ၁ သိန်းနှုန်းသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။
“ပြိုင်ပွဲဆိုတာကြောင့် ပရိသတ်ကို အကောင်းဆုံးတင်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လူရွှင်တော်တွေလည်း တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ပြက်လုံးကို ဖလှယ်ခွင့်ရမယ်။ ရင်ထဲမှာရှိတဲ့ အနုပညာကို ဖော်ထုတ်ပြသခွင့်ရမှာဖြစ်ပါတယ်။ မျိုးဆက်သစ် လူရွှင်တော်တွေ ပြိုင်ပွဲကတစ်ဆင့် ထမင်းစားလက်မှတ်တွေရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲမှာက ပြက်လုံးတွေနဲ့ ပတ်သက်ပြီးတော့ ဆင်ဆာတော့ ရှိပါတယ်။ ဘယ်လိုဆင်ဆာလဲဆိုတာတော့ ပြောပြလို့မရသေးပါဘူး” လို့ ဒိုင်တစ်ဦးဖြစ်တဲ့လူရွှင်တော်ပန်းသီးက ပြောပါတယ်။
လူရွှင်တော်ပြိုင်ပွဲရဲ့ ဟာသဉာဏ်ရွှင်ပြိုင်ပွဲအတွက် မကြာခင် ရိုက်ကူးမှုတွေ စတင်ပြီးတော့ ဧပြီလ အတာသင်္ကြန်အားလပ်ရက်မှာ Free to Air Channel 9၊ Myanmar Art Channel နဲ့ Har Da Ya Channel ထုတ်လွှင့်ပြသွားမယ်လို့ သိရပါတယ်။
“Version အသစ်တွေ၊ ပြက်လုံးအသစ်တွေနဲ့ ရိုက်ကူး ထုတ်လုပ်တင်ဆက်ပေးခြင်းကြောင့် ဟာသအနုပညာနယ်ပယ်ဖွံ့ဖြိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။ ဟာသအနုပညာနယ်ပယ်မှာ ဟာသမျိုးဆက်သစ်လူငယ်တွေ အရည်အတွက် ပိုမိုများပြားလာစေဖို့ ပြိုင်ပွဲကတစ်ဆင့် ဆောင်ရွက်ပေးချင်တယ်။ ပရိသတ်ပြည်သူတွေ စိတ်နှလုံးကြည်လင်သွားအောင် ပြသပေးချင်တာဖြစ်ပါတယ်”လို့ ရွှေသံလွင်မီဒီယာက ဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။