October 23, 2024

၁၆. ၂. ၂၀၂၃
Written by Naing Thuta

ယနေ့ ညဦးပိုင်းက မန္တလေးတွင် ဖြစ်ပွားခဲ့သည့် မီးလောင်သည့်နေရာသို့ ကူညီရန်သွားရောက်သည့် လူမှုကူညီရေးယာဉ် နှစ်စီးသည် မန္တလေးစျေးချိုအနီးတွင် တိုက်မိကာ စျေးဝယ်နေသော အမျိုးသမီးတစ်ဦးကိုပါ ထပ်ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊ စျေးချိုစျေးနားရှိ ၂၆ လမ်းနှင့်ရွှေတချောင်းလမ်း(၈၄ လမ်းနှင့် ၈၅ လမ်းကြား) ဆုံတွင် ယနေ့ညဦးပိုင်း ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားသောနေရာသို့ ကူညီရန်အတွက်သွားရောက်သည့် ၂၆ လမ်းအတိုင်းအရှေ့ဘက်မှ အနောက်ဘက်သို့မောင်းနှင်လာသော “နန်းတော်ရှေ့လူမှုကူညီရေးယာဉ်”နှင့် ရွှေတချောင်းလမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်လာသော “ပရဟိတမင်းခေါင်လူမှုကူညီရေးယာဉ်”တို့ နှစ်စီး သည်တိုက်မိကာ ”ပရဟိတမင်းခေါင်လူမှုကူညီရေးယာဥ်” မှာ အရှိန်မထိန်းနိုင်ဘဲ စျေးဝယ်နေသည့် အမျိုးသမီးတစ်ဦးကိုပါ ထပ်ဆင့်တိုက်မိခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့နေရာကိုသွားကြတဲ့ လူနာတင်ယာဉ်နှစ်စီးတိုက်မိသွားတာပါ။ ပရဟိတမင်းခေါင်လူမှုကူညီရေးယာဉ်က ၂၆ လမ်းကိုကျော်ပြီး ရွှေ​တချောင်းလမ်းလည်အတိုင်း တည့်တည့် အရှိန်မထိန်းနိုင်ဘဲ မောင်းသွားရာကနေ စျေးဝယ်နေတဲ့အမျိုးသမီးတစ်ဦးကို ပြန်တိုက်မိသွားသေးတယ်။ တိုက်မိတဲ့ အမျိုးသမီး အသက်သေ မသေတော့မသိဘူး။ ချက်ချင်းပဲ ယာဉ်မောင်းတွေနဲ့ အဲဒီအမျိုးသမီးကို အခြားလူနာတင်ယာဉ်နဲ့ပဲ ဆေးရုံကိုပို့လိုက်ကြတယ်။ တော်သေးလို့ပေါ့။ ကားက ဘေးကစျေးသည်တွေကို ဝင်မတိုက်သွားလို့။ မဟုတ်ရင်တစ်သီတစ်တန်းကြီးတိုက်မိသွားမှာ။ ကားကလမ်းလယ်အတိုင်းတည့်တည့်သွားလို့ပေါ့”ဟု အခင်းဖြစ်ရာအနီးတွင်စျေးရောင်းနေသူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူမှုကူညီရေးယာဥ်မှ ယာဉ်မောင်းများနှင့် တိုက်မိသွားသောအမျိုးသမီးတို့သည် ထိခိုက်ဒဏ်ရာများရရှိသွားသောကြောင့် မန္တလေးဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်းနှင့် တိုက်မိသွားသောသည့်ယာဉ်များကို လူမှုကယ်ဆယ်ရေး(မန္တလေးတိုင်းဒေသကြီး) ကရိန်းယာဉ်ဖြင့် လာရောက်ဆွဲယူသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *