October 23, 2024

◾️ရုရှားက ယူကရိန်းစစ်မျက်နှာတွင် စစ်ရေးအသာရမှုမရှိသည်ဟု ကြေညာသည်နှင့်အမျှ နေတိုးအုပ်စုကလည်း ယူကရိန်းအတွက် လက်နက်များ တိုးမြှင့်ပေးပို့လာ

၁၆.၂.၂၀၂၃.
translated by Htwe Ko Tun

နေတိုးစစ်စာချုပ်အဖွဲ့ဝင် အနောက်အုပ်စုနိုင်ငံများက အမြောက်ကြီးကျည်ဆံများအပါအဝင် ယူကရိန်းသို့ အမျိုးမျိုးသောစစ်ရေးအထောက်အပံ့များ ပိုမိုပြုလုပ်သွားမည်ဟု ပြောကြားထားကြသော်လည်း ရုရှားအစိုးရက ယူကရိန်းနိုင်ငံရှေ့တန်းစစ်မျက်နှာ၌ ယူကရိန်းအရှေ့ဘက်ရှိ ရန်သူ၏အခိုင်အမာပြုထားသော ခံစစ်စည်းရိုးနှစ်ခုကို ထိုးဖောက်နိုင်ခဲ့ပြီဟု ကြေညာခဲ့ကာ ယူကရိန်းအစိုးရက သတိပေးထားသလိုပင် ရုရှားဘက်က အဆက်မပြတ်တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း ဖေဖော်ဝါရီ ၁၆ ရက် သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ဒီဇင်ဘာလအတွင်းကစုဆောင်းခဲ့သော အရန်တပ်ဖွဲ့ဝင်အင်အား သောင်းနှင့်ချီသောအင်အားကို အထောက်အကူပြုလျက် ရုရှားက ယူကရိန်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပြီးခဲ့သောရက်သတ္တပတ်များအတွင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လာခဲ့သည်။ ထို့ပြင် ၎င်း၏ ယူကရိန်းသို့ စတင်တိုက်ခိုက်မှု တစ်နှစ်ပြည့်မြောက်လုနီးအချိန်တွင် ရုရှားက အဓိကကျသော ထိုးစစ်ကြီးတစ်ရပ်အသစ်ဆင်နွှဲလာမည်ဟု အထူးမျှော်လင့်ရသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များက လူဟန့်စ်ခ်ဒေသအတွင်း ရုရှားစစ်ဆင်ရေးများကို ရင်ဆိုင်ခုခံနေရာမှ ဆုတ်ခွာသွားကြပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောခဲ့သည်။ သို့သော် အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

ရုရှားအာဏာပိုင်များ၏ Telegram လူမှုကွန်ရက်တွင် ရုရှားတပ်ဖွဲ့များ၏ ထိုးစစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များမှာ မူလခံစစ်လိုင်းမှ နောက်ဘက်သို့ သုံးကီလိုမီတာ(နှစ်မိုင်) ခန့်အကွာအဝေးအထိ ဖြစ်သလိုပင် ဆုတ်ခွာသွားခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ ပို၍အခိုင်အမာပြုထားသော ယူကရိန်းတို့၏ ဒုတိယမြောက်ခံစစ်လိုင်းသည်ပင် ရုရှားတပ်ဖွဲ့များ၏ ထိုးဖောက်ကျော်လွှားမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု ဆိုခဲ့သည်။ သို့သော် ဝန်ကြီးဌာနက လူဟန့်စ်ခ်ဒေသအတွင်း မည်သည့်အစိတ်အပိုင်းကို ရုရှားဘက်က ထိုးစစ်ဆင်နေသည်ဟု ပြောကြားခြင်းကားမရှိပေ။

ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင်မူ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဟန်နာမာလ်ရာက ရုရှားတပ်ဖွဲ့များသည် တိုက်ခိုက်မှုများကို နေ့ရောညပါ ၂၄ နာရီပတ်လုံး ပြုလုပ်လာနေကြကြောင်း ပြောကြားခဲ့သည်။ ၎င်းက အခြေအနေမှာတင်းမာ၍ မိမိတို့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ သို့သော် ယူကရိန်းတပ်ဖွဲ့ဝင်များကလည်း ရန်သူကို ၎င်းတို့ရည်မှန်းချက်များမရောက်စေဘဲ ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ရစေရန် တိုက်ခိုက်နေကြကြောင်း ပြောခဲ့သည်။

ကိအက်ဗ်မြို့ပေါ်တွင် ထောက်လှမ်းမှုများပြုလုပ်နေသော ရုရှားမိုးပျံပူဖောင်းခြောက်လုံးကို ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ချခဲ့ကြောင်းလည်း ယူကရိန်းဘက်က ပြောခဲ့သည်။ သို့သော် ရုရှားကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိပေ။

ထို့ပြင် ရုရှားတပ်ဖွဲ့များက လူဟန့်စ်ခ်ဒေသနှင့်နီးသော ဒွန်တက်စ်ခ်ပြည်နယ်အတွင်းမှ ဘက်မတ်မြို့ကိုလည်း အမြောက်ကြီးများဖြင့်ရော၊ မြေပြင်တိုက်ခိုက်မှုပါပြုလုပ်နေကြောင်း သိရသည်။ ဘက်မတ်မြို့ကိုသိမ်းပိုက်နိုင်မည်ဆိုက ရုရှားတို့အတွက် ပိုမိုကြီးမားသောမြို့ကြီးများဖြစ်သည့် ဒွန်တက်စ်ခ်ပြည်နယ်အနောက်ပိုင်းရှိ ခရာမာတော့စ်ခ်နှင့် ဆလိုဗီယန့်စ်ခ်တို့ကိုပါသိမ်းပိုက်နိုင်ရေး နောက်ထပ်အောင်မြင်မှုလှေကားထစ်တစ်ထစ်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။

နေတိုးအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဂျန်းစ်စတိုလ်တန်ဘာဂ်က နေတိုးမဟာမိတ်များအနေနှင့် ယူကရိန်းက ၁၅၅ မမ အမြောက်ကျည်ဆံများထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ ယူကရိန်းအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အနောက်နိုင်ငံများထံမှ စစ်ရေးအထောက်အပံ့ ဒေါ်လာ ဘီလျံပေါင်းများစွာနှင့်ချီ၍ ရရှိခဲ့ပြီးဖြစ်သည်။ အမေရိကန်ကပင် လုံခြုံရေးအထောက်အပံ့ဟုဆိုကာ တစ်နှစ်အတွင်း ဒေါ်လာ ၂၇ ဒသမ ၄ ဘီလျံဖိုး ကတိပြုခဲ့သည်။

ဥရောပသမဂ္ဂကလည်း အဖွဲ့ဝင်နိုင်ငံများကို ယူကရိန်းသို့တင့်ကားများအား ဂျာမနီနှင့် ပူးပေါင်းပေးပို့ကြရန် ပြောကြားခဲ့သည်။ ဗြိတိန်အစိုးရကလည်း ၎င်းနှင့် အခြားဥရောပနိုင်ငံများက တင့်ကားအပိုပစ္စည်းများ၊ လက်နက်ခဲယမ်းများအပါအဝင် ဒေါ်လာ ၂၄၁ သန်းကျော်ဖိုး ယူကရိန်းသို့ပေးပို့သွားမည်ဟု ပြောခဲ့သည်။

သို့ဖြစ်သောကြောင့်လည်း ရုရှားနှင့်ယူကရိန်းစစ်ပွဲက ရုရှားနှင့် အနောက်အုပ်စုစစ်ပွဲ သဏ္ဍန်သို့ပင် ကူးပြောင်းလာသည်ဟု ဆိုရမည်ဖြစ်သည်။

Ref—-AFP

Leave a Reply

Your email address will not be published. Required fields are marked *