၁၆.၂.၂၀၂၃
Written by Peya
စနစ်ဟောင်း၊ သင်ရိုးဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
ယခုကျင်းပမည့် စာမေးပွဲမှာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် စာမေးပွဲလည်း ဖြစ်သည်။
ယခုနှစ် မတ်လ ၈ ရက် မှ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဓာတ်ပုံကပ်ထားသော ခုံနံပါတ်စဉ် ပါရှိသည့် စာမေးပွဲဖြေဆိုခွင့်ကတ်များကို အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းခွဲနှင့် တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူကြရမည်ဖြစ်သည်။
အလားတူ ပြင်ပမှ စာမေးပွဲဖြေဆိုသူများအနေဖြင့်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်လိုသူများအနေဖြင့် ကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်သည့်ကာလ ကျော်လွန်ပြီးသောကြောင့် လက်မခံတော့ပါက အမှန်တကယ် ဖြေဆိုလိုသူများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် နေပြည်တော် သို့မဟုတ် ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်လာရောက်လျှောက်ထားလျှင် ခြွင်းချက်အနေဖြင့် လက်ခံပေးခဲ့သည်ဟု သိရသည်။