၁၆. ၂. ၂၀၂၃
Written By Thandar
အနုပညာကြေး ထိုက်ထိုက်တန်တန်ပေးပြီးငှားပေမဲ့ ဒီကာလကြီးမှာ အလုပ်လုပ်ချင်စိတ်မရှိလို့ လက်မခံဖြစ်သလို ငတ်နေပါတယ်လို့လည်း လူရွှင်တော် ချစ်လူလူက ပြောပါတယ်။
“တတ်သစ်စ လူရွှင်တော်တွေအခုအချိန် အလုပ်မရှိလို့လည်း အားမငယ်ဖို့ပြောချင်တယ်။ စီနီယာကြီးတွေလည်း အလုပ်မရှိပါဘူး။ ကျွန်တော့်ကို အနုပညာကြေး ထိုက်ထိုက်တန်တန်ပေးငှားတဲ့ ပွဲတွေရှိတယ်။ ကျွန်တော် လက်မခံတာပါ။ ဘာလို့လဲဆို အခုကာလကြီးမှာ အလုပ်လုပ်ချင်စိတ်မရှိလို့ပါ။ ဒါဆို ခင်ဗျားချမ်းသာနေလို့လားဆိုတော့ ကားလည်း မရှိတော့ဘူး။ ဆိုင်ကယ်လည်း မရှိတော့ပါဘူး။ စက်ဘီးလည်း မရှိတော့လို့ လမ်းပဲလျှောက် နေရတယ်။ အိမ်တောင် တစ်ခြမ်းငှားထားပါတယ်။ ပြောချင်တာ ကျွန်တော့်စိတ်က ပျော်မနေဘူးဗျာ။ ညီငယ်တွေပြောချင်တာက စီနီယာတွေလည်း အလုပ်မရှိပါဘူး။ ငတ်နေပါတယ်လို့ ပြောပါရစေ”လို့ လူရွှင်တော် ချစ်လူလူက ပြောပါတယ်။
လက်ရှိအချိန်မှာ တတ်သစ်စ လူရွှင်တော်တွေတင် အလုပ်မရှိတာမဟုတ်ဘဲ စီနီယာလူရွှင်တော် တော်တော်များများလည်း အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ သိရပြီး ကိုဗစ်ကာလမှာ အကြော်၊ အလှော်တွေ အွန်လိုင်းပေါ်က ရောင်းချနေပေမယ့်လည်း အခုချိန်မှာ အရင်းပြုတ်သွားလို့ မရောင်းတော့ဘူးလို့ သိရပါတယ်။
“လူရွှင်တော်တွေကိုမြင်ရင် ပေါတောတောလို့ မထင်ပါနဲ့။ အလုပ်ကိစ္စသာ ပရိသတ်ကို ရယ်အောင်လုပ်ပြတာ ကျွန်တော့်ရင်ထဲမှာ ငိုနေရတာ။ ကျွန်တော့်ရင်ထဲမှာ ခံစားနေရတဲ့အရာတွေ အများကြီးရှိတယ်။ ပရိသတ်က မြင်တိုင်း ရယ်စရာမပြောဘူးဆိုတော့ ကျွန်တော်တို့က သောက်ပေါတွေမှ မဟုတ်တာ။ ကျွန်တော်တို့လူပေါတွေ မဟုတ်ဘူး။ အလုပ်လုပ်နေတာ။ လူရွှင်တော်တွေကို တန်ဖိုးထားပြီး ကြည့်ပေးစေချင်တယ်။ ကျွန်တော်တို့ ပေါတောတောမဟုတ်ဘူးလို့ ပရိသတ်တွေကို သိစေချင်တယ်။ လူရွှင်တော်တိုင်းက ပရိသတ်ကို ချစ်အောင်သာ ရယ်စရာအနေနဲ့ တင်ဆက်နေပေမယ့် ရင်ထဲမှာ ရယ်မနေရပါဘူး။ ဒါလေးတော့ နားလည်စေချင်တယ်။ ကျွန်တော်တို့ ပေါတောတောမဟုတ်ဘူး”လို့ သူကတော့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်အကျပ်အတည်းနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် စားဝတ်နေရေးချို့ငဲ့တဲ့ လူရွှင်တော်အပါအဝင် အနုပညာရှင်အလွှာအသီးသီးက သရုပ်ဆောင်တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက SAC အစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ငွေကြေးစသည်ဖြင့် ပြန်လည်လှူဒါန်း ထောက်ပံ့နေပြီး ဒီလိုလှူဒါန်းနေတာကို လက်ခံနေတဲ့ အနုပညာရှင်က ၁၃၀၀ နဲ့ ၁၅၀၀ ကြား ရှိနေတယ်လို့ သိရပါတယ်။