၁၆. ၂. ၂၀၂၃
Written by Peya
ကိုရီးယားသွားမည့် EPS လုပ်သားများအနေဖြင့် စနစ်တကျ အကျိုးအကြောင်းဖြင့် တင်ပြပါက နည်းလမ်းရှာဖွေ၍ ရနိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက MT News သို့ ပြောသည်။
ကိုရီးယားနိုင်ငံသို့ ကုန်ထုတ်လုပ်ငန်းဖြင့်သွားရောက်မည့် EPS လုပ်သားများအနေဖြင့် ပတ်စ်ပို့ရုံးများ ပြန်မဖွင့်သေးသောကြောင့် လက်ရှိတွင် အခက်ကြုံနေရခြင်းဖြစ်ကာ ပတ်စ်ပို့စ်စာအုပ်ရရှိရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားသင်တန်းကျောင်း (ပင်လုံခန်းမ) သို့ စုဝေးသွားရောက်ကာ အသနားခံတင်ပြခဲ့ကြသည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“နဂိုတည်းက EPS ဖြေရင် ဝန်ကြီးဌာနက ပတ်စ်ပို့ရအောင် လုပ်ပေးမယ်ဆိုပြီးတော့ ဒီလိုမျိုးညွှန်ကြားချက်လည်း မရှိပါဘူး။ ပြောထားတာလည်း မရှိပါဘူး။ အဲဒါမရှိတာကို လုပ်လာတာလည်း လုပ်ဆောင်ချက်က နည်းနည်းလွဲနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီလို လူအုပ်နဲ့ ပြောလို့လည်း ထူးခြားမှာမဟုတ်ဘူး။ စနစ်တကျနဲ့ ဒီလိုအခက်အခဲရှိတယ်။ ဘယ်လို အခက်အခဲရှိတယ်ဆိုပြီး အကျိုးအကြောင်း အပြည့်အစုံနဲ့တင်ပြရင် အဲဒီအပေါ်မှာ နည်းလမ်းရှာလို့ ရမှာဖြစ်ပါတယ်။ ဒီလို လူအုပ်နဲ့ လာပြီးတော့ ရုံးရှေ့မှာ လာထိုင်တာပြောတာလောက်နဲ့လည်း အဖြေရှာတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပတ်စ်ပို့အခက်အခဲ ကြုံတွေ့နေရသည့် EPS အလုပ်သမားများက နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ နိုင်ငံကူးလက်မှတ် အဆင်မပြေဖြစ်နေသော အလုပ်သမားများ၏ စာရင်းကို Excel (PyiDaungSu Font) ဖြင့် ပေးပို့လာပါက ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ခဲ့သည့်အတွက် ချိတ်ဆက်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။