◾️ငလျင်ကြောင့် အပျက်အစီးပုံများအောက် နာရီ ၂၀၀ ကျော်ပိတ်မိနေသူ အမျိုးသမီးသုံးဦး ကယ်တင်နိုင်ခဲ့သော်လည်း ပိတ်မိနေသူများစွာ ကျန်ရှိနေဖွယ်ရှိ
၁၆.၂.၂၀၂၃.
translated by Htwe Ko Tun
တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်၊ နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံပေါင်းသေဆုံးရသူဦးရေမှာ ရှစ်ရက်ကျော်ကြာလာသည်အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဖေဖော် ဝါရီ ၁၅ ရက်အထိ အတည်ပြုခဲ့သောစာရင်းများအရ နှစ်နိုင်ငံပေါင်းသေဆုံးသူဦးရေမှာ ၄၁,၀၀၀ ကျော်သွားပြီဖြစ်ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ငလျင်ကြောင့်သေဆုံးရသူ ဆက်လက်မြင့်တက်နေဆဲဖြစ်သကဲ့သို့ တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံစလုံးတွင် တိုက်တာအဆောက်အအုံအပျက်အစီးပုံများအောက် ရောက်ရှိပိတ်မိနေသူများကို ငလျင်လှုပ်ခတ်သည်မှစ၍ နာရီ ၂၀၀ နီးပါးမှ နာရီ ၂၀၀ ကျော်သည်အထိ ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်၍ ကြိုးကြိုးစားစား ကယ်ဆယ်နေနိုင်ခဲ့ကြဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
တူရကီနိုင်ငံတွင် ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသော အဒီရာမန်ပြည်နယ်၌ အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဖက်မာဂန်ဂေါအမည်ရှိ အဖွားအိုအား ငလျင်လှုပ်ခတ်၍ ၂၁၂ နာရီအကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးပုံများအောက်တွင် ပိတ်မိနေရာမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သည်။
ထို့အတူ တူရကီနိုင်ငံ၊ ဟာတေးပြည်နယ်တွင်လည်း အသက် ၁၅ နှစ်ရှိ ဆီဟာဂါနမ်အမည်ရှိ ဆီးရီးယားမိန်းကလေးကို ပြိုကျအဆောက်အအုံအပျက်အစီးများအောက်မှပင် ငလျင်လှုပ်ခတ်၍ ၂၀၉ နာရီအကြာ ဖေဖော်ဝါရီ ၁၄ ရက်က ကယ်ဆယ်နိုင်ခဲ့ကြသည်။ ဟာတေးပြည်နယ်အတွင်းတွင်ပင် အန်တက်ရာမြို့၌ အသက် ၂၆ နှစ်ရှိ အီမိုင်းအက်ဂူလ် ခေါ် ကျောင်းဆရာမတစ်ဦးမှာ ခြောက်ထပ်တိုက်အဆောက်အအုံတစ်လုံး၏ ပြိုကျအပျက်အစီးများအောက်တွင် နာရီ ၂၀၀ ကျော်ကြာရောက်နေရာမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။
၎င်းတို့က တူရကီငလျင်လှုပ်အပြီးတွင် အဆောက်အအုံအပျက်အစီးများအောက် နာရီ ၂၀၀ ကျော်ကြာ ရောက်နေခဲ့သူများအနက် ကယ်တင်နိုင်ခဲ့သူအချို့သာဖြစ်သည်။ ငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားနှစ်နိုင်ငံပေါင်း အဆောက်အအုံ ၄၁,၅၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး ၎င်းအဆောက်အအုံအပျက်အစီးများအောက်တွင် ရောက်ရှိနေသူ များစွာကျန်ရှိနိုင်သေးကြောင်း ခန့်မှန်းရသည်။
Ref—–CNN