၁၆. ၂. ၂၀၂၃
Written by Nay Moe
အမေရိကန်ဘောလုံးပြိုင်ပွဲ၏ Super Bowl ရှိုးပွဲတွင် ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်ကို ၀တ်ဆင်ခဲ့သည့် အဆိုတော် ရီဟန်းနားအား မြန်မာ့ကျောက်မျက်ဒဏ်ခတ်ပိတ်ဆို့မှုကို အားပေးထောက်ခံသင့်သည်ဟု Justice For Myanmar က ဝေဖန်လိုက်သည်။
အဆိုတော် ရီဟန်းနားသည် အမေရိကန်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ Super Bowl 2023 ၏ အချိန်တစ်ဝက်ရှိုးပွဲတွင် ဒေါ်လာ ၁ ဒသမ ၂ သန်းတန် ရတနာများ ဆင်မြန်းခဲ့ရာ သူမဝတ်ဆင်ထားသည့်အထဲတွင် Bayco Jewels က ပြုလုပ်ထားသည့် လက်စွပ်တစ်ကွင်းတည်းပင် ဒေါ်လာတစ်သန်းတန်သည့် မြန်မာ့ပတ္တမြားလက်စွပ်တစ်ကွင်း ပါဝင်နေခဲ့သည်။
မြန်မာ့တပ်၏ အာဏာသုံးရပ်ရယူထားမှုကြောင့် ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် သွေးထွက်သံယိုမှုများအတွက် ကျောက်မျက်ကဏ္ဍမှရသည့် ဝင်ငွေ၏အရေးပါမှုမှာ ထင်ရှားနေသော်ငြား အမေရိကန်ကျောက်မျက်အရောင်းဆိုင်များတွင် မြန်မာနိုင်ငံကထွက်ရှိသည့် ပတ္တမြား၊ ကျောက်စိမ်းအပြင် အခြားကျောက်မျက်ပစ္စည်းများနှင့် လုပ်သည့် လက်ဝတ်ရတနာများကို ဆက်လက်ရောင်းချနေကြဆဲ ဖြစ်သည်။
သတင်းဖော်ပြချက်များအရ အဆိုတော်ရီဟန်းနား၏ လက်စွပ်မှာ အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုးရှိပြီး၊ “အပူမပေးမီ ၁၉.၄၇ ကာရက်ရှိ ရှားပါးတွင်းထွက် သကြားလုံးပုံဖြတ် မြန်မာ့ပတ္တမြားနှင့် ပလက်တီနမ်တွဲစပ်ထားသည့် ၅ ဒသမ ၆၆ ကာရက်ရှိ တြိဂံပုံနှင့် အရောင်မဲ့အနားလုံးစိန်များ၊ ၁၈ ကာရက် ရွှေဝါများနှင့်” ပြုလုပ်ထားသည်ဟု သိရသည်။
အမေရိကန် နယူးယောက်မြို့တော်အခြေစိုက် Bayco Jewels LLC သည် တန်ဖိုးကြီး လက်ဝတ်ရတနာများကို ထုတ်လုပ်ပြီး ထိုကုမ္ပဏီကို Moris နှင့် Giacomo Hadjibay ညီအစ်ကိုတို့ တည်ထောင်ခဲ့သည်။
ယင်းတို့၏ ဝက်ဘ်ဆိုတ်တွင် လက်ရှိကြော်ငြာထားသည့် အနည်းဆုံးပစ္စည်း ၉ မျိုးမှာ မြန်မာနိုင်ငံက ရရှိသည့် ပတ္တမြားနှင့် နီလာများပါဝင်ပြီး ကုမ္ပဏီ၏ ဝက်ဘ်ဆိုတ်တွင် လူ့အခွင့်အရေးမူဝါဒ သို့မဟုတ် ကျောက်မျက်ရင်းမြစ်နှင့်ဆိုင်သည့် တာဝန်ယူမှုရှိသည့်မူဝါဒများ ပါဝင်မှုမရှိသော်လည်း ပတ္တမြားတူးဖော်ထုတ်လုပ်ရေးတွင် နာမည်ကျော်သည့် မိုးကုတ်မြို့မှ ထွက်ရှိသော အရည်အသွေးအမြင့်ဆုံး ကျောက်မျက်အပါအဝင် နီလာတူးဖော်မှုကို အရေအတွက်နည်းနည်းဖြင့် ဆက်လက်လုပ်ဆောင်နေသည်ဟု Bayco ကုမ္ပဏီက ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသည်။ သို့သော် ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်မှုမရှိခဲ့ဘဲ ရောင်းဝယ်မှုများ ဆက်လုပ်ခွင့်ပြုပေးထားသည်။ သို့သော် ရီဟန်းနားအနေဖြင့် မြန်မာ့ကျောက်မျက်များကို သပိတ်မှောက်ပြီး မြန်မာပြည်သူနှင့်အတူ ရပ်တည်ဖို့ တောင်းဆိုကြောင်းနှင့် ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ရန်လည်း အမေရိကန်ကိုတောင်းဆိုကြောင်း JFM က တောင်းဆိုချက်ထုတ်ပြန်သည်။