၁၆. ၂. ၂၀၂၃
Written By Thandar
ဗီယက်နမ်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ Miss Charm 2023 အလှမယ်ပြိုင်ပွဲရဲ့ Preliminary Evening Gown Round မှာ ခရမ်းရောင်ငွေမောင်းဝတ်စုံနဲ့ ပြိုင်ဆိုင်ခဲ့ပေမဲ့ ဒီဝတ်စုံနဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပြီး အဆင်မပြေဖြစ်ခဲ့တဲ့အတွက် ပရိသတ်ကြီးကို စိတ်ပျက်စေခဲ့လို့ ညှိးငယ်စွာတောင်းပန်တယ်လို့ မြန်မာအလှမယ်မေသဇင်ဦးက ဆိုပါတယ်။
“ဒီပြိုင်ပွဲ Preliminary Evening Gown Round မှာ ဝတ်စုံအဆင်မပြေဖြစ်ခဲ့တဲ့အတွက် မေ့ကို ချစ်ခင်စွာပံ့ပိုးပေးကြတဲ့သူများနဲ့ ဒီဇိုင်နာကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ ပြိုင်ပွဲသွားမဲ့တစ်ပတ်အလိုမှ မေ့ရဲ့ပြိုင်ပွဲဝတ်စုံတွေအတွက် မေနဲ့အတူ ၁ နှစ်ကျော်အတူစီစဉ်ထားတဲ့ မေချစ်ရတဲ့ ဝတ်စုံဒီဇိုင်နာနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်သွားရတဲ့အတွက် ဒီဝတ်စုံလေးကိုချုပ်ပေးဖို့ ဆရာဇော်ဆိုင်းဆီ အကူအညီတောင်းတဲ့အခါ ၂ ရက်နဲ့အပြီး လိုအပ်တဲ့ ဝတ်စုံနှစ်စုံကို အပူတစ်ပြင်းချုပ်ပေးပြီး ရန်ကုန်ကိုအချိန်မှီ ပို့ပေးခဲ့ပါတယ်” လို့ အလှမယ် မေသဇင်ဦးက ပြောပါတယ်။
အဆိုပါ ဝတ်စုံအရောင်ရွေးချယ်မှုနဲ့ဒီဇိုင်းကလည်း Miss Manaw Land က တာဝန်ရှိသူတွေ စီစဉ်ခြင်းပဲဖြစ်ပါတယ်။ ပြီးတော့ Pre နဲ့ Final အတွက် ဝတ်စုံနှစ်စုံရှိတဲ့ အထဲကမှ ဒီခရမ်းရောင် Unity ဝတ်စုံကို ရွေးချယ်ပြီး မေ့ကို ပိုမိုထင်းလင်းပေါ်လွင်စေဖို့ ရည်ရွယ်ပြီး Miss Manaw Land မှတာဝန်ရှိသူတွေက ဝတ်ဆင်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ပြိုင်ပွဲစင်အနေထားနဲ့ မေရွေးချယ်စီးရတဲ့ (Sponsor ပေးတဲ့) ဖိနပ်တို့ကိုထည့်မတွက်ပဲ မေ့ကို သတိလက်လွှတ် ဒီဝတ်စုံကို ဝတ်ဆင်စေကာ မေ့ရဲ့ပရိသတ်ကို စိတ်ပျက်စေခဲ့ပြီး ပြိုင်ပွဲမှာ မေ့ကိုစိတ်ပင်ပန်းစေခဲ့တဲ့အတွက်သာမက Purple Unity ဝတ်စုံကို အပင်ပန်းခံ ချုပ်လုပ်ပေးခဲ့တဲ့ လေးစားရတဲ့ ဒီဇိုင်နာ Zaw Seng ( Manmade ) တို့ကို မျက်နှာပျက်စေခဲ့လို့ Miss Manaw Land မိသားစုမှ ညိုးငယ်စွာ တောင်းပန်အပ်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ဖေဖော်ဝါရီ ၅ ရက်က Miss Charm 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအလှမယ် မေသဇင်ဦး အပါအဝင် တခြားနိုင်ငံပေါင်း ၃၈ နိုင်ငံက နိုင်ငံကိုယ်စားပြုအလှမယ်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ Grand Final Show ကို ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီခရမ်းရောင်ဝတ်စုံက ကချင်ရိုးရာ အမွေအနှစ်တစ်ခုဖြစ်တဲ့ ငွေမောင်းစစ်စစ် ၁၃၅ ခု ကို Evening Grown ကို လက်မောင်း၌ စီချယ်အသုံးပြုထားတာဖြစ်ပါတယ်။ ငွေမောင်းအစစ်တွေဖြစ်တဲ့အတွက် လေးလံပြီး လက်မောင်းကြိုးတွေ မထိန်းနိုင်တဲ့အပေါ် လည်း သူမ မေတ္တာရပ်ခံ တောင်းပန်ထားပါတယ်။
မေသဇင်ဦးဟာ National Costume competition မှာလည်း ” နှလုံးသားထဲက ပြသိင်္ဂီ ” အမည်ရှိ ဝတ်စုံကိုပြသခဲ့ပါတယ်။ ပုဂံပြတိုက်ထဲက ရှေးဟောင်းအမျိုးသမီး သဲကျောက်ရုပ်တုကို Inspire ယူပြီး ဖန်တီးထားပြီး မြန်မာရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ပန်းဆယ်မျိုးထဲက ယွန်းထည်အနုပညာ၊ ယွန်းပန်း အတတ်ပညာကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင် ပြသခဲ့တာဖြစ်ပါတယ်။