October 23, 2024

ယာဥ်တိမ်းမှောက်မှုမြင်ကွင်းနှင့် ထိခိုက်သေဆုံးသူများအား ကူညီနေမှုတွေ့ရစဥ်( ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့)

MT News

လူ ၁၄ ဦး လိုက်ပါလာသော ဒိုင်နာယာဥ်တစ်စီး အမြန်လမ်း မိုင်တိုင် ၂၉၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား တိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရမှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၉၆/၅-၆) ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရ၍ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၅)ဦး၊‌ သီးကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်(၅+၈)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ ထိုဖြစ်စဉ်မှာ မန္တလေးမှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော TOYOTA DYNA(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့ တိမ်းမှောက်ရပ်တန့်သွားခဲ့ရာ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား(၆)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၄)ဦးအနက် ကျား(၁)ဦး၊ မ(၂)ဦး၊‌ ပေါင်း(၃)ဦးတို့မှာ အခင်းဖြစ်နေရာတွင်(သေဆုံး)သွားပြီး ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၆)ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ မိတ္ထီလာပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

“ကားက မြင်းတဲရွာကလို့ သိရတယ်။ သုံးယောက်က ပွဲချင်းပြီးသေဆုံးသွားပြီး တစ်ယောက်က ပြင်းထန်တဲ့စိုးရိမ်ဒဏ်ရာရထားတယ်။ ကျန်တာကတော့ တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်” ဟု ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဥ်တွင် လူနာများ၊ သေဆုံးသူများအား နယ်မြေခံပရဟိတအသင်းများဖြစ်သောဝန်ဇင်းလူငယ်အသင်း၊ သုခမေတ္တာအသင်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 တို့နှင့်အတူ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း (မိတ္ထီလာမြို့)မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *