MT News
Written By Thandar
ဇာတ်လမ်းတွဲတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးခွင့်ရရှိနေတဲ့ သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ သုံးပွင့်ဆိုင် Romance Drama “အလွမ်းသစ်ပင်” ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်တေးကို ကိုယ်တိုင်သီဆိုခွင့်ရလို့ အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။
“ဒီ အလွမ်းသစ်ပင် ဇာတ်ကားလေးက Mini Series လေးပါ။ ဇာတ်ကားမှာတော့ ရိုးသားပြီး အားနာတတ်တဲ့ လင်းခေတ် အနေနဲ့ ကျွန်တော် ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြူးဇစ်ကို ဝါသနာပါပြီး မြူးဇစ်တွေကို ဖန်တီးရတာကြိုက်တဲ့ လူငယ်တစ်ယောက်ပါ။ Bar တစ်ခုမှာ သီချင်းဆိုတယ်။ ဒီကားလေးမှာ ဇာတ်ဝင်တေးကိုလည်း ကျွန်တော်ကိုယ်တိုင်ဆိုရမယ်ဆိုတော့ အရမ်းလည်း ဝမ်းသာသွားတယ်။ ဒီလိုကြိုးစားခွင့်ရလို့လည်း အရမ်းလည်းပျော်ပါတယ်။ ဒီကားလေးမှာ ကျွန်တော်လည်း သေချာလေး ကြိုးစားသရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။
အချစ်ကိုမတူညီတဲ့ ရသသစ်တစ်မျိုးနဲ့ ကိုယ်တိုင်အနုစိတ် ဖန်တီးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းမှာ မိနစ် ၃၀ စာ အပိုင်း ၈ ပိုင်းပါဝင်မယ့် “အလွမ်းသစ်ပင်”ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ကစပြီး Mahar Application က ထုတ်လွှင့်ပေးနေလျှက်ရှိပါတယ်။
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကိုတော့ ထက်မြတ်နိုင်ဇင်၊ ဇာတ်ညွှန်းမွန်းမံအနေနဲ့ ညမွှေးပန်းနဲ့ ငွေစင်သွန်းတို့က ရေးသားပြီး ဒါရိုက်တာအောင်ဇော်လင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိင်း၊ နေထွဋ်၊ နန်းဆုဦး့အပြင် အနုပညာ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ရိုက်ကူးထားတယ့် သိရပါတယ်။
ကမ္ဘာကြီးကကျယ်တယ်ဆိုပေမယ့် ကံကြမ္မာကြောင့် လူတစ်ယောက်ကို ပြိုင်တူချစ်မိသွားကြတဲ့နောက် ညီအစ်ကိုလိုခင်ရတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခင်မှုတွေကနေ ဘာတွေဆက်ဖြစ်သွားကြမှာလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေ တွေ့မြင်ရမှာဖြစ်ပါတယ်။