၁၆. ၂. ၂၀၂၃
Written by Tha Doe
လက်ရှိအခြေအနေတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း နှစ်နှစ်တာကာလလုံးဖြစ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုများသည် သိသိသာသာ လျော့နည်းကျဆင်းသွားခြင်း မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြသည့် ပြည်ပနိုင်ငံကြီးများနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့ အစည်းအကျိုးစီးပွားကိုသာ ရှေးရှုနေကြသည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
SAC အစိုးရအဖွဲ့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ် ကာလရှည်ကြာရပ်စဲထားပေးခဲ့ခြင်း၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဖိတ်ခေါ် ခြင်း၊ အလားတူ အကြမ်းဖက်လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းနေကြသူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေသော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုးမြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့် မရိုးသားသည့် နည်းလမ်းများဖြင့် စည်းရုံးသိမ်းသွင်းပြီး လမ်းမှားသို့ တွန်းပို့ကာ နိုင်ငံတော်ကိုဖျက်ဆီးနေကြဆဲ ဖြစ်သောကြောင့် ပြည်သူများနှင့် လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
SAC စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီလ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ လက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်း/ ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ တောင့် သိမ်းဆည်းရမိခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့်၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါအဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦးအထိ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဗုံးဖောက်ခွဲမှုများအနေဖြင့် ကားလမ်းများကို ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးရှို့ ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ထို့အပြင် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေး ဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြကာ ထိုသို့သော အခြေအနေများမှာ သာမန်မဟုတ်သော အခြေအနေများဖြစ်နေသဖြင့် ခြောက်လသက်တမ်းတိုးပေးရန် တင်ပြသဖြင့် နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လထပ်မံသက်တမ်းတိုးပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်ချုပ်ထံ ဆက်လက်အပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာထားသည်။